close

ယူကရိန်း စိုက်ပျိုးရေးကုမ္ပဏီတခု၏ သိုလှောင်ရုံ ရုရှားဒုံးကျည်ထိမှန်

ယူကရိန်းနိုင်ငံ၊ ဇာပိုရစ်ချ်ဇီယာဒေသ ယူလစ်ဗ်ကာမြို့မှာရှိတဲ့ စိုက်ပျိုးရေးကုမ္ပဏီတခုရဲ့ သိုလှောင်ရုံကို ရုရှားဒုံးကျည်တွေ ထိမှန်ပြီးတဲ့နောက် ဇူလိုင် ၂၇ ရက်မှာ အလုပ်သမားတွေက အပျက်အစီးတွေနဲ့ စပါးတွေကို ခွဲထုတ် သန့်စင်ခဲ့ကြပါတယ်။

ဇူလိုင် ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သိုလှောင်ရုံတွေ ပျက်စီးခဲ့တာပါ။ စပါးစေ့တွေ၊ ကောက်နှံတွေနဲ့ အပျက်အစီးတွေ ရောနှောသွားခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ကုမ္ပဏီရဲ့ စိုက်ပျိုးရေးပညာရှင် အကြီးအကဲ ယပ်ဗ်ဟန် နိုဆက်ချ်က “ဒီနှစ်မှာ မျိုးစေ့ချဖို့ အပျက်အစီးတွေကနေ မုန်ညင်းစေ့တွေ ကျန်တာတွေကို ခွဲထုတ်နေပါတယ်” လို့ ပြောပါတယ်။

အပျက်အစီးတွေထဲကနေ ကောက်နှံတွေကို ခွဲထုတ်ဖို့ အလုပ်သမားတွေ အချိန်နှစ်ရက်ယူရပြီး နောက်ထပ် အလုပ်တွေလည်း ဆက်လုပ်နေရပါတယ်။

ကုမ္ပဏီမန်နေဂျာ ဗက်ဆယ် ကာစီယာရမ်က “ဒီမှာအလုပ်လုပ်တဲ့လူတွေက အပစ်အခတ်တွေအောက်မှာ အလုပ်လုပ်တဲ့အတွက် တာဝန်သိပြီး ရဲရင့်ပါတယ်” လို့လည်း ပြောပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်မှုကြောင့် ပို့ကုန်တွေ သိသိသာသာ ကျဆင်းပြီး ၂၀၂၂/၂၃ ရာသီမှာ သိုလှောင်ရုံတွေထဲ ကုန်စည် သိသိသာသာ ပြတ်လပ်မယ်လို့ ခန့်မှန်းထားပါတယ်။

ယူကရိန်း ကောက်ပဲသီးနှံတွေ တင်ပို့မယ့် သဘောတူညီချက်ကို အရင်အပတ်က ကုလသမဂ္ဂနဲ့ သဘောတူအပြီး ရုရှားနဲ့ ယူကရိန်းတို့က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။ ကောက်ပဲသီးနှံ ပထမဆုံး သင်္ဘောတင်ပို့မယ့်အသုတ်ဟာ ရက်ပိုင်းအတွင်း ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ထွက်ခွာဖို့ မျှော်လင့်ထားပါတယ်။

//
Up