ကိုဗစ်-၁၉ ကူးစက်မှုအသစ် မရှိဟု မြောက်ကိုရီးယား ကြေညာ

အထီးကျန်မြောက်ကိုရီးယားနိုင်ငံဟာ မေလလယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကို အသိအမှတ်ပြုပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၃၀ ရက်မှာ ကူးစက်မှုအသစ်မရှိဘူးလို့ နိုင်ငံပိုင်မီဒီယာကနေ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ရွှေ့လျားကုသရေးတပ်ဖွဲ့ကို အဆင့်မြင့် တပ်လှန့်ထားဆဲ ဖြစ်ပြီး နောက်ဆုံးလူနာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာချိန် အထိ ကပ်ရောဂါကို "ရှာဖွေတွေ့ရှိ နှိမ်နင်းဖို့" ကြိုးပမ်းဆောင်ရွက် နေတယ်လို့ KCNA သတင်းဌာနက ပြောခဲ့ပါတယ်။
ဇူလိုင် ၂၉ ရက်အထိ အဖျားရောဂါလူနာ ၂၀၄ ဦးကို ကုသပေးနေတယ်လို့လည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဧပြီလနှောင်းပိုင်း ကစပြီး မြောက်ကိုရီးယားမှာ အဖျားရောဂါဝေဒနာရှင် ၄ ဒသမ ၇၇ သန်းရဲ့ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းဟာ အပြည့်အဝ နေပြန်ကောင်းလာပေမဲ့ မစမ်းသပ်ထားလို့ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်ကို ကိန်းဂဏန်း နဲ့ မထုတ်ပြန်ဘူးလို့ KCNA က ပြောပါတယ်။
ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားရဲ့ တိုးတက်မှုအပေါ် သံသယဝင်နေ ကြတာပါ။
အမှီအခို ကင်းတဲ့ အချက်အလက် ကင်းမဲ့နေတဲ့ကြားက အခြေအနေ ပိုကောင်းလာတာထက် စာရင် ပိုဆိုးလာတာဖြစ်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက ပြီးခဲ့တဲ့လမှာ ပြောခဲ့ပါတယ်။