ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ လာရောက်နေချိန် တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ် ပြစ်တင်ရှုတ်ချ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီ လာရောက်လည်ပတ်နေချိန် တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၃ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
‘မဆင်မခြင်’ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ရဲ့ လေကြောင်းနဲ့ ရေပြင်ပိုင်နက်ကို ပိတ်ဆို့ထားတာကြောင့် ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေပြီး နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို စိန်ခေါ်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆွန်လိဖန်းက ပြောပါတယ်။
တရုတ်နိုင်ငံဟာ သတင်းမှားတွေ ဖြန့်ဝေရာမှာ ဆက်ပါနေပြီး နိုင်ငံသားတွေဟာ အင်တာနက် ကောလာဟလတွေကို မယုံကြည်သင့်ဘူးလို့ ဆွန်က သတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ပြီး သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်သွတ်သွင်းရေး အင်အားသုံးမယ့်နည်းလမ်းကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။
ပေလိုစီရဲ့ ခရီးစဉ်အပေါ် ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူဖို့ အကြောင်းပြချက်အနေနဲ့ အသုံးမပြုဖို့ အမေရိကန်က တရုတ်ကို သတိပေးထားပါတယ်။