close

အာရှ-ပစိဖိတ်တွင် နေတိုးကဲ့သို့ စစ်ရေး-နိုင်ငံရေး မဟာမိတ်ဖွဲ့ရန် အနောက်နိုင်ငံများကြိုးစားနေဟု သမ္မတ ပူတင်ပြော

အနောက်နိုင်ငံတွေဟာ နေတိုးလို စနစ်တစ်ရပ်ကို အာရှ-ပစိဖိတ်ဒေသထဲကို တိုးချဲ့ဖို့ ကြိုးပမ်းနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သြဂုတ် ၁၆ ရက်က ပြောကြားခဲ့ပါတယ်။ 

သမ္မတပူတင်က “ဒီရည်ရွယ်ချက်အတွက် သြစတြေးလျ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တဲ့ AUKUS နဲ့တခြားအဖွဲ့တွေလို ရန်လိုနေတဲ့ စစ်ရေး-နိုင်ငံရေး မဟာမိတ်အဖွဲ့တွေကို ဖွဲ့နေတာ”လို့  မော်စကို နိုင်ငံတကာလုံခြုံရေး ညီလာခံမှာ ကြိုတင်ရိုက်ကူးထားတဲ့ အဖွင့်မိန့်ခွန်းမှာ ပြောသွားတာပါ။

အမေရိကန်က ဒီပဋိပက္ခကို လိုအပ်တာထက် အချိန်ပိုဆွဲဖို့ ကြိုးစားနေတာကို ယူကရိန်း အခြေအနေက ပြနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အခုလအစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ်ဟာ အသေးစိတ် နှံ့နှံ့စပ်စပ် စီစဉ်ထားတဲ့ ရန်စမှုဖြစ်ကြောင်း ပူတင်က ပြောပါတယ်။ 

“ထိုင်ဝမ်မှာ အမေရိကန်ရဲ့ မဆင်မခြင်လုပ်သွားမှုဟာ တာဝန်မဲ့ နိုင်ငံရေးသမားတယောက်ရဲ့ ခရီးစဉ်သက်သက်မဟုတ်ဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့အခြေအနေတွေကို မတည်မငြိမ်ဖြစ်စေဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ စီမံထားတဲ့ မဟာဗျူဟာရဲ့ တစိတ်တပိုင်းလည်း ဖြစ်တယ်။”

ဒါ့အပြင် တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ သူ့ရဲ့နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို မလေးစားကြောင်း မိုက်မိုက်မဲမဲ ပြသမှုလို့လည်း ရုရှားသမ္မတက ပြောသွားပါတယ်။

//
Up