close

ဘီးလင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ် တိုက်ပွဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ-၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်နဲ့ ကျောက်ဖျာကျေးရွာကြားမှာ နယ်မြေကျူးကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် ပြောခွင့်ရက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ တပ်အင်အား ၁၀၀ ကျော်နဲ့ နယ်မြေကျူးကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မိနစ် ၃၀ နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၅ ယောက်ထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး KNLA ပူးပေါင်းတပ်က ထိခိုက်မှု တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ်ထဲ စစ်ရေးဝင်ရောက်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဟာ ခမရ ၄၀၁ နဲ့ ၄၁၀ တပ်ရင်းတွေဖြစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ လေးကေစခန်းဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကေအန်ယူ သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ အဝင်းကြီး အမြောက်တပ်ကနေ ကျောက်ဖျာကျေးရွာ အနီးကို လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ လအတော်ကြာ ငြိမ်သက်နေတဲ့ ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက်လှုပ်ရှားလာတာကြောင့် KNLA ပူးပေါင်းတပ်နဲ့ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

ဘီးလင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up