close

ပေါက်မြို့နယ်တွင် ပျူစောထီး ၅ ဦး တိုက်ခိုက်ခံရပြီးသေဆုံး၊ ကျေးရွာတရွာကို ပျူစောထီးအဖွဲ့ မီးရှို့

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စက်တင်ဘာ ၁၃ ရက် နေ့လယ်က စျေးဝယ်သွားတဲ့ ပျူစောထီး ၅ ယောက်ကို SPGF နဲ့ NDF (ပေါက်) တို့ ပူးပေါင်းတိုက်ခိုက်တာကြောင့် ၅ ယောက်စလုံး သေဆုံးခဲ့တယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

ပေါက်မြို့နယ် ပင်ထောင်၊ သစ်ချိုကုန်း၊ ဝါးတောရွာဘက်က ပျူစောထီးတွေ မနေ့ နေ့လယ် ၁ နာရီလောက်က ပေါက်မြို့ကို စျေးဝယ်သွားတဲ့အချိန်မှာ SPGF နဲ့ National Defence Force (ပေါက်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီး ၅ ယောက် သေဆုံးခဲ့တယ်လို့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ ပျူ(...)တွေဘက်ကလည်း လက်လုပ်သေနတ်နဲ့ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတာဗျ။ သူတို့ဆီကနေ လက်လုပ်ပစ္စတိုသေနတ်တလက်နဲ့ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၀ သိမ်းဆည်းနိုင်ခဲ့တယ်။ သူတို့ပျူရွာတွေကို ကျနော်တို့ဘက်က စျေးထွက်မဝယ်နိုင်အောင် ရိက္ခာဖြတ်ထားတာဗျ။ ရိက္ခာတွေပြတ်လပ်လာတော့ တချို့နားမလည်တဲ့ ပြည်သူတွေကို တခေါက်ကို ၁၀,၀၀၀ ကျပ်ပေးပြီး စျေးဝယ်ခိုင်းတာတွေ ရှိတယ်။ ပြည်သူတွေကို စျေးဝယ်မပေးဖို့ တားထားတာကြောင့် ငတ်ပြတ်ပြီး သူတို့ကိုယ်တိုင် စျေးတက်ဝယ်တာကို သတင်းအတိအကျရလို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။”

ပျူစောထီးတွေဟာ အင်အား ၂၀ လောက် ဆိုင်ကယ်တွေနဲ့ စစ်ကူလိုက်လာပြီး ညနေပိုင်းမှာ ပေါက်မြို့နယ် အနောက်ပိုင်း ဆင်စာကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့သလို ည ၈ နာရီလောက်မှာလည်း နောက်တခေါက် ပြန်လာပြီး မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ စစ်ကောင်စီတပ်တွေက အိမ်ခြေ ၅,၄၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up