ဘရာဇီးအသင်းအတွက် ရွေးချယ်မခံရပေမဲ့ နည်းပြအဖွဲ့အပေါ် ဂျေဆု အပြစ်မမြင်

ဘရာဇီးလက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမဲ့ နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် အပြစ်မမြင်ဘဲ လေးစားမှုရှိကြောင်း တိုက်စစ်မှူး ဂျေဆုက ပြောပါတယ်။
အာဆင်နယ်တိုက်စစ်မှူး ဂျေဆုဟာ အသင်းဖော်တွေဖြစ်ကြတဲ့ ဂါဘရီယယ်နဲ့ မာတင်နယ်လီ တို့နဲ့အတူ ဘရာဇီးလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရခြင်း မရှိခဲ့တာပါ။
အသင်းလူစာရင်း မထုတ်ပြန်ခင်ကတည်းက နည်းပြထိထီက ဆက်သွယ် စကားပြောခဲ့ကြောင်း၊ နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားကြောင်း၊ ရွေးချယ်ခံရတဲ့ ကစားသမားတွေဟာလည်း အရည်အချင်း ရှိကြသူတွေဖြစ်ကြောင်း ဂျေဆုက ပြောပါတယ်။
လက်ရွေးစင်မှာ ထပ်မံရွေးချယ်ခြင်း မခံရတာဟာ ပိုကောင်းဖို့ လိုအပ်သေးတာကြောင့် ဖြစ်နိုင်ပြီး အကောင်းဆုံးခြေစွမ်းရဖို့ အမြဲတမ်း ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဂျေဆုဟာ အာဆင်နယ်နဲ့ ၇ ပွဲ ကစားအပြီးမှာ ၄ ဂိုးသွင်း ၃ ဂိုး ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
သူဟာ ဘရာဇီးအတွက် စုစုပေါင်း ၅၆ ပွဲ ကစားခဲ့ရာမှာ ၁၉ ဂိုး သွင်းယူထားပါတယ်။