close

ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျောက်ဖြူမြို့နယ်တို့က အသက်မပြည့်သေးတဲ့ ကလေး ၄ ယောက် အပါအဝင် ဒေသခံ ၈ ယောက်ကို စက်တင်ဘာ ၂၁ ရက် ညနေနဲ့ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေဟာ ရမ်းဗြဲမြို့၊ အမှတ် ၃ တန်းနားပြင်ရပ်ကွက်က ကိုအောင်းလင်းထွန်း၊ အင်းတောင်ရပ်ကွက်မှ ကိုသက်လင်းဇော်၊ ကျောက်ဖြူမြို့ အစိုးရရပ်ကွက်က ဦးရန်နိုင်မင်း၊ စေတီတောင်ရပ်ကွက်က ဦးလှကျော်နဲ့ ကျောက်ဖြူမြို့နယ် မလကျွန်းက အသက်မပြည့်သေးတဲ့ မောင်လှမြင့်ထွန်း၊ မောင်သန်းစိန်နဲ့ ကျေးရွာကို အလည်ရောက်နေတဲ့ လူငယ်နှစ်ယောက်တို့ ဖြစ်ကြပါတယ်။

ရမ်းဗြဲမြို့နယ်မှာ စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ရုံးတွေကို လိုက်လံရှာဖွေခဲ့ပြီး ညည့်အချိန်မှာ အိမ်တွေကို ဧည့်စာရင်းဝင်စစ်ဆေးကာ သူတို့နှစ်ယောက်ကို ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“မနေ့က ညနေ ၄ နာရီလောက်မှာ စစ်သားတွေက မြို့ထဲက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေကို ရှာပြီး ဝင်မွှေသွားတာတွေ ရှိတယ်။ နောက် ညည့်အချိန်တွေမှာ ထပ်ပြီးတော့ အိမ်တွေကို အိမ်ထောင်စုစာရင်းတွေ၊ ဧည့်စာရင်းတွေ ဝင်စစ်ခဲ့တယ်။ အဲဒီအချိန်မှာ ကိုအောင်လင်းထွန်းနဲ့ ကိုသက်လင်းဇော်တို့ကို ဖမ်းဆီးသွားကြတာဖြစ်တယ်။ ဘာကြောင့် ဖမ်းသွားတယ် ဆိုတာတော့ မသိဘူး။”

ဒါ့အပြင် စစ်ကောင်စီက အရပ်ဘက် လူမှုရေးတက်ကြွလှုပ်ရှားသူတွေကို အဓိက ပစ်မှတ်ထား ရှာဖွေနေတာကြောင့် တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အဲဒီလို စစ်ကောင်စီတပ်က ပစ်မှတ်ထား ရှာဖွေတာကို ခံရသူတွေထဲမှာ  ရမ်းဗြဲမြို့ အမှတ် ၃ ရပ်ကွက်က ကိုထွန်းထွန်းဦး၊ ကိုထင်လင်းခိုင်နဲ့ အမှတ် ၄ ရပ်ကွက်က ကိုထင်လင်းတို့ကို ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့ အစိုးရရပ်ကွက်က ဦးရန်နိုင်မင်းကို စက်တင်ဘာ ၂၁ ရက် ည ၁၂ နာရီခန့်နဲ့ ဦးလှကျော်ကို စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ သူတို့ရဲ့နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်ပြီး မလကျွန်းက လူငယ် ၄ ယောက်ကို ရွာလယ်ရှိ ဇရပ်ပေါ်မှာ အိပ်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနှစ်စီးနဲ့ ဝင်ပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ သေခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့ခံတယောက်က “မနေ့က ကျောက်ဖြူ အစိုးရရပ်ကွက်က ရန်နိုင်မင်းကို သူ့အိမ်ကနေ ဖမ်းဆီးသွားတယ်။ နောက် ဒီနေ့မနက်ပိုင်း ၁၀ နာရီကျော်လောက်မှာ စေတီတောင်ရပ်ကွက်က ဦးလှကျော်ကိုလည်း သူ့အိမ်ကနေ ထပ်ဖမ်းသွားကြတယ်။ မနေ့က မလကျွန်းကလည်း ရွာက လူငယ် ၄ ဦးကိုလည်း ဖမ်းသွားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၇ ရက်နဲ့ ၁၀ ရက်နေ့မှာလည်း ကျောက်ဖြူမြို့ ရပ်ကွက် ၄ ခုက ဒေသခံ ၆ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက တက်ကြွလူငယ်တွေကို လိုက်လံ ဖမ်းဆီးနေတာကြောင့်  တိမ်းရှောင်နေကြရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက ဖမ်းဆီးထားသူ ၁၀၀ နီးပါးအထိ ရှိလာပြီဖြစ်ပြီး ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up