ယူကရိန်းကျူးကျော်စစ်ပွဲ မှန်ကန်ကြောင်း အကြောင်းပြရန် ရုရှားက လူထုဆန္ဒခံယူပွဲကျင်းပ

ယူကရိန်းရဲ့ ဒေသလေးခုကို သိမ်းပိုက်မှုဟာ ကြောင်းကျိုးဆီလျော် မှန်ကန်တယ်လို့ အကြောင်းပြဖို့ ရုရှားက မျှော်လင့်ပြီး ပြုလုပ်တဲ့ လူထုဆန္ဒခံယူပွဲကို စက်တင်ဘာ ၂၃ ရက်က ယူကရိန်းရဲ့ ရုရှားထိန်းချုပ်နယ်မြေတခုထဲမှာ မဲပေးပွဲ စလုပ်နေပြီး မဖြစ်မနေ မဲပေးရကြောင်း ယူကရိန်းအရာရှိတယောက်က ပြောပါတယ်။
ယူကရိန်းနယ်မြေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို ကိုယ်စားပြုတဲ့ လူဟန့်စ်ခ်၊ ဒွန်နက်စ်ခ်၊ ခါဆန်နဲ့ ဇာပိုရစ်ချ်ဇီယား ပြည်နယ် ၄ ခုမှာ မဲပေးတာကို သောကြာနေ့မှ အင်္ဂါနေ့အထိ ပြုလုပ်မှာဖြစ်ပါတယ်။
ဒီလူထုဆန္ဒခံယူပွဲတွေကို တရားမဝင်ကြောင်း အနောက်နိုင်ငံတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားပါတယ်။
ရုရှားရဲ့ ၇ လကြာ ကျူးကျော်စစ်ကို ယူကရိန်းက အခုလအတွင်း နယ်မြေအများအပြားကို တန်ပြန်ထိုးစစ်နဲ့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာ ခုလို မဲပေးပွဲတွေ လုပ်လာတာပါ။
မော်စကိုလိုလားတဲ့ အာဏာပိုင်တွေက ဆန္ဒခံယူပွဲတွေအကြောင်း လနဲ့ချီ ဆွေးနွေးခဲ့ပေမဲ့ မကြာသေးမီက ယူကရိန်းရဲ့အောင်ပွဲတွေကြောင့် တာဝန်ရှိသူတွေက အမြန်စီစဉ် ပြင်ဆင်လိုက်ရပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင် ၃ သိန်းကို ဒီသီတင်းပတ်မှာ ကြေညာထားပြီး မော်စကိုက ပဋိပက္ခမှာ အသာစီးပြန်ရဖို့ ကြိုးပမ်းနေပုံ ပေါ်ကြောင်း ရိုက်တာမှာ ရေးပါတယ်။
ရုရှားကို ထောက်ခံတဲ့ ဆန္ဒခံယူပွဲ ရလဒ်တွေကိုလည်း ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ရုရှားကတော့ လူထုဆန္ဒခံယူပွဲဟာ ဒေသတွင်းရှိ ပြည်သူတွေအတွက် သူတို့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုဖို့ အခွင့်အရေးတခုဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။