close

မောင်တောမြောက်ပိုင်း ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နံသာတောင်၊ ကွမ်းသီးပင်၊ မီးတိုက်ကျေးရွာတွေအနီး  စက်တင်ဘာ ၂၃ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က  ဂျက်လေယာဥ် ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နံသာတောင်ကျေးရွာဒေသခံတစ်ဦးက "လေယာဥ် ၄ စီးနဲ့ ဗုံးကြဲနေတာ။ နံသာတောင်က လူတွေကတော့ မနက်မိုးလင်းတာနဲ့ ထွက်ပြေးကြဖို့ပြင်ထားကြပြီ။ နံသာတောင်ကျေးရွာနဲ့ ပရဟိတ္တကျောင်းကို နေရပ်စွန့်ခွါကြဖို့ စစ်တပ်က မနေ့ကတည်းက  အကြောင်းကြားထားတာ။ ပရဟိတ္တကျောင်းကတော့  ကားမရလိုမသွားနိုင်သေးဘူး"လို့ ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ်နဲ့ အေအေတို့ ကွမ်းသီးပင်ကျေးရွာဟောင်းအနီး တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားပြီးနောက် နံသာတောင်ကျေးရွာ နယ်ခြားစောင့်စခန်း အပါအဝင် နယ်စပ်ခြံစည်းရိုး တလျှောက် စခန်းငယ် ၃ ခုက တပ်ဖွဲ့ဝင်တွေ   စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ စခန်းစွန့်ခွာသွားပြီးနောက်  ဂျက်တိုက်လေယာဥ် ၄ စီးနဲ့  အဆိုပါနေရာကို တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ကြိမ်ချောင်းကျေးရွာသားတစ်ဦးက "ကြိမ်ချောင်း- ဂုပ္ပီမေယုတောင်ကျော်လမ်းက တောင်ကုန်းတွေကိုလည်း ဗုံးကြဲတာကြားလိုက်တယ်။ နားထောင်ကြည့်တော့ လေကြောင်းနဲ့ ဗုံးကြဲနေတာ  လေယာဥ် ၄ စီး လို့ခန့်မှန်းရတယ်။"လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသားတွေ ထိခိုက် သေဆုံးတာ ရှိ မရှိ အခြေအနေကိုတော့ မသိရသေးပါဘူး။ 

စက်တင်ဘာ ၁၉ ရက်ကလည်း တောင်ပြိုဗျူဟာစခန်းကို စစ်အင်အား ဖြည့်တင်းလာတဲ့ ရေယာဥ် ၂ စီးကို နံသာတောင်ကျေးရွာအုပ်စု ကွမ်းသီးပင်ကျေးရွာ ချောင်းဝမှာ အေအေတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဆိုပါဒေသကို လေကြောင်းမှ နယ်မြေရှင်းလင်းဖို့ စစ်ကောင်စီမှ အမိန့်ပေးထားတာလို့ သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း- ဂုပ္ပီ မေယုတောင်ကျော်လမ်းရှိ တပ်စခန်းတစ်ခုဖြစ်တဲ့ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကိုလည်း အေအေဘက်က သိမ်းပိုက်ရရှိခဲ့​တာကြောင့် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up