close

ကျောက်တော်တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျပြီး အရပ်သား ၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက် ကမ်းနားလမ်းရှိ သိန်းဆန်းတည်ခိုခန်းမှာ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပြီး တည်းခိုနေသူတယောက်  ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ပလက်ဝမြို့နယ် ဒိုးချောင်းဝက ကိုစိန်အောင်ဖြူ (၂၇နှစ်) ဖြစ်ပြီး ကျောက်တော်မြို့နယ်ကို ခရီးထွက်နေသူဖြစ်တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ကျောက်တော်တပ်မနဲ့ ကျောက်တော်တောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်မှု ၄ ကြိမ်အထိရှိခဲ့ပြီး သိန်းဆန်းတည်ခိုခန်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

"လက်နက်ကြီးကျည် ကျတာကတော့ ညတစ်နာရီခွဲလောက်မှာ ကျတာဖြစ်တယ်။ ကမ်းနားလမ်းမှာရှိတဲ့ သိန်းဆန်းတည်ခိုခန်းမှာကျတာဖြစ်ပြီး တည်းခိုနေသူ တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာကတော့တော့ လက်နက်ကြီးကျပြီး ကွဲသွားတဲ့ မှန်စ ဝမ်းဗိုက်ကို ထိသွားတာလို့ သိရတယ်။ သိပ်တော့ မစိုးရိမ်ရဘူး။ ပစ်တာကတော့ တော်တော်လည်း နီးနီးလေးက ကြားရတာ။”

ပြီးခဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း ကျောက်တော်မြို့နယ် နာဂရာကျေးရွာအတွင်းကို စစ်ကောင်စီ လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် လူ ၄ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါအပြင် သြဂုတ် ၂၈ ရက်နေ့ကလည်း မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၇၇)နဲ့ ခမရ(၃၇၈) တို့က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါဝင် ၃ ဦးသေဆုံခဲ့ပြီး ၉ ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ကလည်း မောင်တောမြို့နယ် မင်းကြီးကျေးရွာက အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိပြီး သေဆုံးခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up