close

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၉၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်ထဲမှာ စက်တင်ဘာ ၂၈ ရက် ဒီကနေ့မနက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉၅ ယောက် ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင် ဝင်ရောက်မှုတွေ ရှိမယ်ဆိုတဲ့အကြောင်း ကြိုတင် သတင်းရထားချက်အရ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေး၊ ကျန်းမာရေးနဲ့ ရပ်ကျေးလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက်မှာ စောင့်ကြပ်စစ်ဆေးနေခဲ့ကြောင်း၊ ဒီကနေ့ မနက်စောစောမှာတော့ ကန်ကျနပူရီနဲ့ ထောင်းဖာဖူးမြို့နယ် ၂ ခုထဲက ၂ နေရာမှာ တရားမဝင် မြန်မာ ၉၅ ယောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ကန်ကျနပူရီမြို့နယ် ဘန့်ကောင်ကျေးရွာအုပ်စု ဖူးနမ့်ရွန့်ကျေးရွာအနီးမှာ အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၃ ယောက်၊ ပေါင်း ၁၃ ယောက်ကိုလည်းကောင်း၊ ထောင်းဖာဖူးမြို့နယ် ထာ့ခနွန်ကျေးရွာအုပ်စု ဘန့်ထာ့ဖဲကျေးရွာနားမှာ အမျိုးသား ၆၃ ယောက်၊ အမျိုးသမီး ၁၉ ‌ယောက် ပေါင်း ၈၂ ယောက် အပြင် လမ်းပြအမျိုးသား ၂ ‌ယောက်ပါ ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ဆေးချက်အရ သူတို့တွေဟာ မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသက လာကြပြီး ထိုင်းနိုင်ငံ စမွတ်စခွန်း၊ လယောင်း၊ ကန်ကျနပူရီနဲ့ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦး ဘတ် ၁၅,၀၀၀ မှ ၃၀,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေးအရ အပူချိန်တိုင်းတာပြီး လဝက ဥပဒေနဲ့ အရေးယူဖို့ ကန်ကျနပူရီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up