close

လှိုင်သာယာတွင် Delivery ပို့သည့် လူငယ် ၁ ဦး အသတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက Delivery ပစ္စည်းလိုက်ပို့တဲ့ လူငယ်တယောက်  အသတ်ခံရပြီး ဖုန်းနဲ့ ပိုက်ဆံ လုယက်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေလင်ဗန်းစက်မှုဇုန် ပြင်စည်မင်းသားကြီးလမ်းပေါ်မှာ မနေ့ညနေပိုင်းက Delivery ပို့တဲ့လူငယ်တယောက်ကို အမည်မသိ အမျိုးသားတွေက စကေဘာနဲ့ထိုးကာ ဖုန်းနဲ့ ပိုက်ဆံကို လုယက်ခဲ့လို့ သေဆုံးခဲ့တာလို့  ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အသက် ၂၀ လောက်ပဲရှိသေးတယ် Delivery ပို့တာ။ ကောင်လေးက စကေဘာနဲ့ ထိုးလိုက်တာ နှလုံးရင်ဘတ်ကိုထိသွားတာ ပွဲချင်းပြီးပဲ။” 

သေဆုံးသူလူငယ်ဟာ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်တွင် နေထိုင်ကာ မိဘတွေကို Delivery ပစ္စည်းလိုက်ပို့ပြီး လုပ်ကိုင်ကျွေးမွေးနေသူဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မိဘတွေကို ဖြစ်ဖြစ်ချင်း အကြောင်းမကြားရဲဘူး။ အလောင်းကို ရေခဲတိုက်ပို့ပြီး အလုပ်ရှင်တွေက ရဲစခန်းမှာ အမှုသွားဖွင့်တာ။ သေတာတောင် ရဲတွေမသိဘူး။”

ရန်ကင်းမြို့နယ် ၅ ရပ်ကွက် ဝါဝါဝင်းအိမ်ရာမှာလည်း အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက အပြင်ကနေ နေအိမ်ကိုပြန်လာတဲ့ သားအမိနှစ်ယောက်ကို နေအိမ်ရှေ့အရောက် အမည်မသိလူငယ်နှစ်ဦးက သေနတ်ပြကာ အိမ်ထဲဝင်ရောက်ပြီး ဖုန်းနှစ်လုံးနဲ့ ငွေသား ၂၅ သိန်းအပြင် စိန်နားကပ်တရန်လည်း ယူဆောင်သွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“သေနတ်ပြ ခြိမ်းခြောက်ပြီး ဖုန်းတွေ ပိုက်ဆံတွေနဲ့ နားကပ်တရန် ယူသွားတာ။ သေနတ်က အစစ်လား အတုလားတော့ မသိဘူး။ လူတွေကို ဘာမှမလုပ်သွားတာပဲ ကံကောင်းတာ။ ရပ်ကွက်ကသူတွေတောင် နောက်မှသိတာ။”

ရန်ကုန်တိုင်းရှိ  မြို့နယ်တချို့မှာ  လုယက်မှုဖြစ်စဥ်တွေ မကြာခဏဖြစ်နေပေမဲ့ ရဲတွေက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးတာမရှိလို့  ပြည်သူတွေဟာ မိမိလုံခြုံရေးအတွက် သတိနဲ့ နေထိုင်ရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွေရွာတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့သလို  အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာလည်း ခိုးဆိုးလုနှိုက် ကျူးလွန်သူတွေကိုသာ ပြန်လည်လွှတ်ပေးတာကြောင့် လုယက်သတ်ဖြတ်မှုတွေဟာ နေစဥ်နဲ့အမျှ မြို့နယ်တိုင်းမှာ ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up