ထိုင်းတွင် သေနတ်ကိုင်ဆောင်ထားသူများ စိတ်ကျန်းမာရေးစစ်ဆေးရန် လိုအပ်

ထိုင်းနိုင်ငံမှာ သေနတ်ဝယ်ဖို့ ကြိုးစားသူတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုတွေ လိုအပ်ပြီး မူးယစ်ဆေးစွဲနေသူတွေကိုလည်း ရှာဖွေဖော်ထုတ်ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။
“အစိုးရက ဒီကိစ္စကို ထိပ်တန်းဦးစားပေး ဧရာမကိစ္စအနေနဲ့ ချက်ချင်း အလေးပေး ဆောင်ရွက်နေပါတယ်”လို့ ဝန်ကြီးချုပ် ပရာယွတ်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သေနတ်လိုင်စင် လျှောက်ထားသူတွေနဲ့ ကိုင်ဆောင်ထားသူတွေအတွက် စိတ်ကျန်းမာရေး စစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း သူက ပြောပါတယ်။
ပရာယွတ်ဟာ မူးယစ်ဆေးစွဲသူတွေကို ရှာဖွေဖော်ထုတ်ဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ၃ လ အချိန်ယူလုပ်ဆောင်ဖို့ ရဲတပ်ဖွဲ့နဲ့ တခြားအရာရှိတွေကို အမိန့်ပေးခဲ့ပါတယ်။
အစိုးရဟာ လက်နက်ကိုင်ဆောင်ထားတဲ့ တာဝန်ထမ်းဆဲ အစိုးရအရာရှိတွေနဲ့ လက်နက်ကိုင်ဆောင်သူ အငြိမ်းစား အစိုးရအရာရှိကြီးတွေ ၂ မျိုးလုံးအပေါ် အထူးသဖြင့် လူ့အဖွဲ့အစည်းအတွက် ‘အန္တရာယ်’ လက္ခဏာပြနေတဲ့သူတွေအပေါ် အချိန်အခါအလိုက် အကဲဖြတ်မှုတွေပြုလုပ်ဖို့ ကြိုးပမ်းနေကြောင်း ပြည်ထဲရေးဝန်ကြီး အနုဖုန် ပေါင်ချင်ဒါက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မူးယစ်ဆေးကြောင့် အလုပ်ပြုတ်သွားတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်က ဓားနဲ့ သေနတ်ကိုသုံးပြီး ကလေး ၂၄ ယောက်နဲ့ သူကိုယ်တိုင် အပါအဝင် စုစုပေါင်း လူ ၃၇ ယောက်ကို သတ်ဖြတ် ကျူးလွန်ခဲ့ပြီးကတည်းက အစိုးရက တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
အစပိုင်းကတော့ မူးယစ်ဆေးဝါးကြောင့်လို့ အပြစ်တင်နေကြပေမဲ့ သေနတ်သမားရဲ့ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ရာမှာ လူသတ်မှုဖြစ်ပွားတဲ့နေ့က မူးယစ်ဆေးဝါး သုံးစွဲထားတဲ့လက္ခဏာ မပြကြောင်း ရဲတွေက ပြောပါတယ်။
သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ကျူးလွန်သူရဲ့ သောင်းကျန်းမှုဟာ သူ့အလုပ်ဆုံးရှုံးပြီး သူ့ဆက်ဆံရေး ပြိုကွဲမှုတွေကနေ လွန်လွန်ကဲကဲ စိတ်ဖိစီးမှုတွေကြောင့်လို့ ညွှန်ပြနေကြောင်း ရဲတွေက ပြောပါတယ်။