မြဝတီမြို့၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၁ အနီး ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၁ ရပ်ကွက်၊ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ် ၁ တံတားအနီး အောက်တိုဘာ ၁၅ ရက် ည ၇ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
မြဝတီမြို့၊ ဘုရင့်နောင်လမ်း၊ မီးမီးလေးစတိုးဆိုင်အရှေ့ဘက်မှာ ဗုံးတလုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လမ်းဘေးမှာရပ်ထားတဲ့ မော်တော်ကား တစီး မီးလောင်သွားတယ်လို့ မျက်မြင်တွေ့တဲ့ မြို့ခံတဦးကပြောပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် လူတွေထိခိုက်သေဆုံးမှုရှိမရှိ အသေးစိတ်မသိရသေးပါဘူး။ မြဝတီမြို့မှာ အောက်တိုဘာ ၁၅ ရက် ညနေက နေရာ ၃ နေရာလောက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးဖောက်ခွဲသူတွေကိုတော့ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့မှာ ဧပြီ ၂၃ ရက်ညကလည်း အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်မှာ အပြင်းစား ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးနားက အဆောက်အဦတွေနဲ့ မော်တော်ယာဉ်တွေ ပျက်စီးခဲ့ပါတယ်။