close

ရွှေပြည်သာတွင် YBS နှင့် စက်ဘီးတိုက်မိပြီး အမျိုးသမီး ၁ ဦးသေဆုံး

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၃ ရပ်ကွက်၊ ငွေလမ်းသွယ်ထိပ်မှာ အောက်တိုဘာ ၂၆ ရက် မနက် ၉ နာရီကျော်မှာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မောင်းနှင်လာတဲ့ YBS ၆၅ ခရီးသည်တင်ယာဥ်က စက်ဘီးစီးလာတဲ့ အမျိုးသမီးတယောက်ကို ဝင်တိုက်မိပြီး အမျိုးသမီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“လူရော စက်ဘီးရော လွင့်ထွက်သွားတယ်။ ကောင်မလေးက ဘယ်ကလဲတော့မသိဘူး၊ လူနာတင်ယာဥ်နဲ့ လာသယ်သွားတယ် ပရဟိတအဖွဲ့က။”

ယာဥ်တိုက်မှုကို လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းက သွားရောက်ကူညီခဲ့ပြီး အင်းစိန်ဆေးရုံ လိုက်လံပို့ဆောင်ပေးခဲ့ရာ ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ အသင်းတာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သတင်းရတာနဲ့ ချက်ချင်း သွားပြီးကူညီပေးတယ်။ ဒဏ်ရာရသွားလို့ အင်းစိန်ဆေးရုံကို ပို့ပေးခဲ့တယ်။ ဆေးကုနေရင်း သေဆုံးသွားတာပါ။ မိသားစုနဲ့ အဆက်အသွယ်ရပါပြီ။ နာမည်က ဝင်းပပပါ။”

အဆိုပါယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး YBS ၆၅ ယာဥ်မောင်းကို ယာဥ်ထိန်းရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်နိုင်ဖို့ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

၂၀၂၂ ခုနှစ် ၉ လတာကာလအတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အပါအဝင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွေမှာ ယာဥ်တိုက်မှု ၄,၂၈၂ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂,၁၀၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၅,၉၁၁ ယောက်ရှိတယ်လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up