ရော်နယ်ဒိုကို ပြန်ခေါ်ချင်သော်လည်း ငွေကြေးမတတ်နိုင်ဟု စပို့တင်းနည်းပြဝန်ခံ

စီရော်နယ်ဒိုကို မန်ယူအသင်းကနေ ပြန်လည်ခေါ်ယူလိုပေမဲ့ လစာပေးဖို့ မတတ်နိုင်ကြောင်း စပို့တင်းလစ္စဘွန်းနည်းပြ ယူဘင်အာမိုရင်က ပြောပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့ ဆန္ဒရှိခဲ့ပြီး မွေးရပ်မြေက အသင်းဟောင်း စပို့တင်းလစ္စဘွန်းဟာလည်း သူပြောင်းရွှေ့နိုင်တဲ့ အသင်းတသင်း ဖြစ်ခဲ့ပါတယ်။
စပို့တင်းဘက်ကလည်း ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့က သူတို့ရဲ့အိပ်မက်ဖြစ်ပေမဲ့ ရော်နယ်ဒိုရဲ့ လုပ်ခလစာက အခက်အခဲ ဖြစ်စေခဲ့တာပါ။
“စပို့တင်းကလူတိုင်းက ရော်နယ်ဒိုပြန်လာဖို့ အိပ်မက်မက်နေကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမဲ့ သူ့အတွက် လုပ်ခလစာပေးဖို့ကျတော့ ကျနော်တို့အသင်းက ငွေကြေးမတတ်နိုင်ပါဘူး” လို့ စပို့တင်းနည်းပြ အာမိုရင်က ပြောပါတယ်။
ရော်နယ်ဒိုရဲ့လုပ်ခဟာ မန်ယူအသင်းမှာ အမြင့်မားဆုံးကစားသမားတဦး ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝကို စပို့တင်းမှာ စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်က မန်ယူအသင်းဆီကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။