close

အီးယူက ယူကရိန်းကို ဒေါ်လာ ၈ ဘီလီယံကျော်တန်ဖိုးရှိ လက်နက်များထောက်ပံ့

ဥရောပသမဂ္ဂ (အီးယူ) နဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံကို ယူရို ၈ ဘီလီယံနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၇ ဘီလီယံထက်မနည်း တန်ဖိုးရှိတဲ့ လက်နက်တွေနဲ့ စစ်ဘက်ဆိုင်ရာ ကိရိယာတွေကို ပေးအပ်ခဲ့တယ်လို့ အီးယူရဲ့ ထိပ်တန်းသံတမန်က နိုဝင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

ဒီပမာဏဟာ ယူကရိန်းအစိုးရကို အမေရိကန်က ထောက်ပံ့တဲ့ ပမာဏရဲ့ ၄၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ပ် ဘော်ရယ်က ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ အီးယူအရာရှိတွေနဲ့ တွေ့ဆုံပြီးနောက် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားစစ်ပွဲဟာ ဘရပ်ဆဲလ်မှာ ဆွေးနွေးမှုတွေရဲ့ အဓိကအကြောင်းအရာဖြစ်ပြီး ရုရှားအစိုးရနဲ့ ညှိနှိုင်းဖို့ ယူကရိန်းအစိုးရကို အနောက်နိုင်ငံတွေက အားပေး တိုက်တွန်းနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

“ရုရှားကို နိုင်ငံတကာမှာ အထီးကျန်နေအောင် ဆက်လုပ်သွားမယ်။ ရုရှားစီးပွားရေးအပေါ် တင်းကျပ်တဲ့ အစီအမံတွေကို ဆက်ချမှတ်သွားမယ်။ တင်းကျပ်တဲ့ အစီအမံတွေကို ဆက်အားဖြည့်ပြီး တတိယနိုင်ငံတွေ အထူးသဖြင့် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ ပေးနေတယ်လို့ သိထားတဲ့ အီရန်နဲ့ ဘီလာရုစ်တို့ရဲ့ ပါဝင်ပတ်သက်မှုကို ပစ်မှတ်ထားမယ်” လို့ ဘော်ရယ်က ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အီရန်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် အင်အားသုံးတာကို ရှုတ်ချတုံ့ပြန်တဲ့အနေနဲ့ လူ ၂၉ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို ပစ်မှတ်ထားပြီး အီရန်အပေါ် အီးယူက နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်ပါတယ်။

ယူကရိန်းပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ရာမှာ ရုရှားကသုံးနေတဲ့ လက်နက်တွေ ပေးနေတာကို ရပ်တန့်ဖို့ ဘော်ရယ်က အီရန်ကို တိုက်တွန်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up