close

လားရှိုးမြို့နယ် နမ့်ပေါင်ရွာ၌ လက်ပစ်ဗုံးပစ်ခံရပြီး နေအိမ်တအိမ်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာမှာ  နိုဝင်ဘာ ၁၆ ရက် ဒီနေ့မနက်စောစောက လက်ပစ်ဗုံးနဲ့အပစ်ခံရလို့ နေအိမ် တအိမ် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက် ၃ နာရီခွဲလောက်မှာ ရပ်ကွက် ၄ မိုင်းရယ်-တန့်ယန်းသွား ကားလမ်းပေါ်ရှိ အိမ်ဆိုင်ဖွင့်ထားတဲ့ ၃ ထပ်တိုက် ဗုံးထိမှန်ပြီး ပျက်စီးသွားတယ်လို့ နမ့်ပေါင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ပေါက်ကွဲသံကြားတာကတော့ သုံးခါပါခင်ဗျ။  တလုံးက ရပ်ကွက် ၄ ထဲက ကုန်စုံဆိုင်ဖွင့်ထားတဲ့အိမ်ရယ်၊၊  နောက်ထပ် နှစ်လုံးက အဲဒီအိမ်နဲ့ တလမ်းပဲခြားတဲ့ ရဲစခန်းထဲကျပြီး နောက်တလုံးက ရဲစခန်းနဲ့ကပ်လျက် စစ်တပ်ထဲကျသွားတယ်လို့လည်း ပြောနေကြတယ်။ အဲဒါတော့ သေချာမသိဘူး။ ကုန်စုံဆိုင်ကတော့ အိမ်ခေါင်မိုး၊  ပြတင်းပေါက်မှန်၊  အိမ်နံရံတွေ ပေါက်သွားတယ်။ အထဲက ပရိဘောဂတွေ ကုန်ပစ္စည်းတွေ ထိတယ်။ အိမ်အပေါ်ထပ် သူတို့သား အိပ်တဲ့အခန်းထဲ ကျလာတာ။ သူတို့သားက ခရီးထွက်နေလို့ တော်သေးတယ်။”

နောက်ဒေသခံတစ်ဦးကလည်း ဗုံးစဟာ အဆိုပါအိမ်နား ရပ်ထားတဲ့ ကားတစ်စီးကိုပါ ထိမှန်ပြီး ကားမှန်တွေကွဲကုန်တယ်လို့ ပြောပါတယ်။

ဗုံးထိတဲ့အိမ်ဟာ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်တွေနဲ့ မပတ်သက်ဘဲ ရိုးရိုးသားသား အရောင်းအဝယ်လုပ်နေသူဖြစ်ပြီး ဘယ်သူတွေက ဘာကြောင့်ပစ်သလဲဆိုတာ မသိရသေးပါဘူး။

ဒီအိမ်ဟာ ရဲစခန်း၊ စစ်တပ်နဲ့ နီးတာကြောင့် အဆိုပါနေရာမှာ ဝင်ပစ်ရင်း သူ့အိမ်က ကြားထဲက ပါသွားတာဖြစ်နိုင်တယ်လို့ နမ့်ပေါင်ရွာသားက ပြောပါတယ်။

နမ့်ပေါင်ကျေးရွာအုပ်စုထဲမှာ SSPP ရှမ်းတပ်၊  TNLA ပလောင်တပ်၊ NDAA ကိုးကန့်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားခဲ့ပေမဲ့ ဒီနှစ်ထဲ တိုက်ပွဲမရှိတာကြာပြီဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ရွာသားတွေ ပုံမှန်အတိုင်း သွားလာနေတယ်လို့  နမ့်ပေါင်ရွာသားက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up