close

ပါကစ္စတန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ နိုဝင်ဘာ ၃၀ ရက်က ပိုလီယိုကာကွယ်ဆေးထိုး အဖွဲ့အတွက် စောင့်ကြပ်လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာလီဘန် အသေခံဗုံးခွဲသမားက အကြမ်းဖက် တိုက်ခိုက်ခဲ့တာကြောင့် လူ ၄ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

စစ်သွေးကြွတွေ အပစ်အခတ်ရပ်စဲပြီး ၂ ရက်အကြာမှာပဲ ခုလိုတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

တယ်ရိခ် အီ တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့က ဘာလိုချီစတန်ပြည်နယ်ရဲ့ မြို့တော် ကူအက်တာအနီးက တိုက်ခိုက်မှုအတွက် သူတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အသေခံဗုံးခွဲသမားကြောင့် သေဆုံးသွားရသူတွေထဲမှာ ရဲသားတဦး၊ အမျိုးသမီးတဦးနဲ့ ကလေးတဦးလည်း ပါဝင်ပြီး ဒဏ်ရာရရှိသူတချို့မှာ စိုးရိမ်ရတဲ့အခြေအနေမှာရှိကြောင်း ရဲအရာရှိ အဗ္ဗဒူလ် ဟတ်ခ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိသူတဦးဟာ ဆေးရုံမှာ သေဆုံးသွားကြောင်း အရာရှိ ဝါဆင်မ် ဘိုက်ဂ်က ပြောပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ ရဲအရာရှိ ၁၅ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ရှိ အစ္စလာမ္မစ်စစ်သွေးကြွတွေဟာ ပိုလီယိုကာကွယ်ဆေးထိုးအဖွဲ့တွေကို ပစ်မှတ်ထားလေ့ရှိပြီး ကာကွယ်ဆေးထိုးခြင်းဟာ သူတို့ကို စုံစမ်းထောက်လှမ်းဖို့နဲ့ မွတ်ဆလင်တွေကို မျိုးမအောင်စေတဲ့ အနောက်တိုင်းကိရိယာတခုဖြစ်ကြောင်း ကောလာဟလတွေကို ဖြန့်ဖြူးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up