ရုရှားရေနံစိမ်း တစည်ကို ဒေါ်လာ ၆၀ နှုန်းသတ်မှတ်ရန် အီးယူ သဘောတူ

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားပင်လယ်ထွက် ရေနံစိမ်း ဈေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ ၆၀ နှုန်း သတ်မှတ်ဖို့ ဒီဇင်ဘာ ၂ ရက်မှာ သဘောတူခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်ကို စာနဲ့ရေးသား ဖော်ပြရတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တရားဝင် အတည်ပြုရမှာပါ။ ချက်သမ္မတနိုင်ငံမှာ အီးယူအစုအဖွဲ့ရဲ့ ညှိနှိုင်းမှုပြီးတဲ့နောက် သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြန်သွားမယ်လို့ အီးယူဥက္ကဋ္ဌက တွစ်တာမှာ ပြောထားတာပါ။
ဒီဇင်ဘာ ၅ ရက်မှာ စတင်အသက်ဝင်မယ့် စျေးနှုန်းကန့်သတ်ချက်အောက်မှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၆၀ ကျော်နဲ့ ရောင်းချရင် ရုရှားရေနံတင်ပို့မှုအတွက် အာမခံ၊ ဘဏ္ဍာရေးနဲ့ တခြားဝန်ဆောင်မှုတွေကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။
G7 နိုင်ငံများအုပ်စုရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ရုရှားရေနံအပေါ် စျေးနှုန်းသတ်မှတ်ဖို့ စက်တင်ဘာလက သဘောတူခဲ့ကြပါတယ်။
အီးယူရဲ့ အဆိုပြုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်ခ်က ရုရှားရေနံအပေါ် ဈေးနှုန်းကန့်သတ်မှုဟာ ဒီဇင်ဘာလမှာ ရုရှားရဲ့ရေနံထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘဲ ရုရှားရေနံဟာ ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား ရှိနေတယ်လို့ ပြောသွားတဲ့အကြောင်း Interfax သတင်းဌာနက ဒီဇင်ဘာ ၂ ရက်မှာ ဖော်ပြပါတယ်။
ရုရှားဟာ သူ့ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို စျေးနှုန်းသတ်မှတ်ထားတဲ့ နိုင်ငံတွေဆီ ပေးပို့မှာ မဟုတ်ဘူးလို့လည်း အကြိမ်ကြိမ် ပြောထားဖူးပါတယ်။