close

ဆားလင်းကြီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ ဒီပဲယင်းဒေသခံ ၂၇ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆာလင်းကြီးမြို့နယ် တရားကျေးရွာနဲ့ ရှမ်းကိုင်းကျေးရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဒီဇင်ဘာ ၆ ရက် မနက် ၇ နာရီနဲ့ ညနေ ၃ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“ရွာတွေကိုပတ်ပြီး မီးရှို့နေတဲ့ စခတွေကို ကျနော်တို့ လက်ရွေးစင်ရွေးထုတ်ထားတဲ့ အထူးရဲဘော်အနည်းအသုံးပြုပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တယ်ဗျ။ ပထမတိုက်ပွဲက ဆားလင်းကြီးမြို့နယ်၊ တရားကျေးရွာကို ဖျက်ဆီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တရားကျေးရွာနဲ့ ရှမ်းကိုင်းကျေးရွာအကြားမှာ  လယ်ကွက်နှစ်ကွက်အကွာလောက်က‌နေ စက်၊ Gun ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ အဲပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးကျတယ်။ ကြိုတင်စောင့်ပြီး ပိုင်ကွက်ပြီးမှ ပစ်ဆုတ်စနစ်နဲ့တိုက်ခိုက်ခဲ့လို့ ကျနော်တို့ဘက်က အထိခိုက်မရှိခဲ့ဘူးဗျ။ နောက်ဒုတိယတိုက်ပွဲကတော့ နေ့ခင်း ၃ နာရီအချိန်လောက်က ရှမ်းကိုင်းကျေးရွာက ထွက်လာတာကို ကြိုစောင့်ပြီး ရွှေဘုံသာကျေးရွာမရောက်မီ ထပ်တိုက်ပွဲဖြစ်တယ်ဗျ။ အဲပွဲလည်း စစ်ကောင်စီဘက်က ၃ ယောက်ကျတယ်။ ၅ ဦးဒဏ်ရာရရှိသွားတယ်” လို့ MRDA တာဝန်ရှိသူ ဗိုလ်နဂါးက ပြောပါတယ်။ 

စစ်ကောင်စီတပ်က အများအပြား ထိခိုက်ကျဆုံးခဲ့ပြီးနောက် ရှမ်းကိုင်းကျေးရွာ၊ အုန်းတောကျေးရွာ၊ ရွှေဘုံသာကျေးရွာနဲ့ ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတွေကို မီးရှို့သွားတယ်လို့ ဆိုပါတယ်။ 

အခုတိုက်ပွဲကို မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၊ Salingyi Special Task Force (S.S.T.F)၊ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တို့မှ အထူးလက်ရွေးစင်များတပ်သားတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဗိုလ်နဂါးက ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ မနက်ကလည်း ဒီပဲယင်းမြို့နယ်၊ မူးရိုးကုန်းကျေးရွာရှိ ရန်ကွင်းကြီး ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၃ ရွာက ဒေသခံ ရွာသား ၂၇ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ‌

“မနက် ၇ နာရီကျော်လောက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ မူးရိုးကုန်းရွာကို ဝင်စီးပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် ၁ လုံး မီးရှို့တယ် စိတ်ကျန်းမာရေးမကောင်းတဲ့ ကိုညီထွေးကိုလည်း ဖမ်းသွားတယ်" လို့ ဒေသခံအမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်က မူးရိုးကုန်းရွာကို မီးရှို့ပြီးနောက် ဒီပဲယင်းမြို့နယ်နဲ့ ခင်ဦးမြို့နယ်စပ်ကြားရှိ တာတိုင်ရွာက ရွာသား ၁၅ ယောက်နဲ့ ရွှေဘိုမြို့နယ်၊ သပွတ္တောကျေးရွာက  ရွာသား ၁၁ ယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းသူ ကိုညီထွေးတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up