close

ဖားကန့်တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ရွာသားများ ထွက်ပြေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၆ ရက် ညပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့  ကျေးရွာ ၈ ရွာက ဒေသခံတွေ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ 

ဖားကန့်မြို့နယ်ထဲက မှော်ဘုံ၊ ဆန်ခါ၊ ဆိုင်းရာ၊ မဇွပ်ယမ်၊ ကုဋေ၊ အောင်သာယာ၊ သာယာကုန်းနဲ့ မှော်စီစာကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး တစ်နာရီအတွင်းမှာ လက်နက်ကြီး ၆ လုံးလောက် ပစ်ခတ်ခဲ့တာဖြစ်ကာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တုန်ခါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။   

ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းက မှော်ဘုံကျေးရွာနားက တောထဲမှာ ပစ်ခတ်သံတွေ စတင်ကြားရပြီးနောက် အခုလို လက်နက်ကြီးပစ်ခတ်တာဖြစ်ပြီး လက်နက်ကြီးတွေက ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ လူနေအိမ်တွေနားပါ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆန်ခါဒေသခံတွေက ဆိုပါတယ်။  

အခုလို ပစ်ခတ်နေလို့ မှော်စီစာကျေးရွာနားက တရားမဝင် ကျောက်စိမ်းတူးဖော်လုပ်ငန်းတွေ ချက်ချင်းလုပ်ငန်းရပ်နားကာ စက်ယန္တရားတွေ သိမ်းဆည်းခဲ့ကြရသလို ရေမဆေးကျောက် ရှာဖွေနေသူတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံက ပြောပါတယ်။ 

မှော်ဘုံကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ နှစ်ရက် ဆက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သိရပါတယ်။ 

ဒေသခံတဦးက “လက်နက်ကြီးတွေနဲ့ရော ပစ်တယ်။ ဒရုန်းတွေရော သုံးပြီး ဗုံးကြဲတာတွေ လုပ်တယ်။ ဆန်ခါ စစ်ကောင်စီတပ်က ၁၅ ကြိမ်ထက်မနည်း လက်နက်ကြီးနဲ့ မနေ့က ပစ်တာ။ အရပ်သားတွေလည်း ထိခိုက်မှု ရှိတယ် ကြားရတယ်။ ထိခိုက်မှုတော့ အတိအကျ မသိရသေးဘူး။ ဒီနေ့က ညနေပိုင်းမှာ စဖြစ်တာ။ ကေအိုင်အေ က စတိုက်တာ။” လို့ပြောပါတယ်။

ဒီဇင်ဘာလ  ၆ ရက် ညပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ဖားကန့်မြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်း​ပေါ်ကနေ လက်နက်ကြီးပစ်ခတ်​နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ဗျူဟာကုန်းက လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာ။ ခုည ၉ နာရီ အထိဆို ၉ လုံး ရှိနေပြီ။ သူတို့ ပစ်လိုက်တဲ့ လက်နက်ကြီးတွေ အတိုင်းသား မြင်နေရတယ်။ အခုညတော့ လက်ကြီးသံတွေရော၊ သေနတ်သံတွေရော ကြားနေရတယ်။”

ဖားကန့်မြို့နယ် ကံဆီးဒေသမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မှော်ပုံကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေပြီး လတ်တလော လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။  တိုက်ပွဲဖြစ်ပွားတာကြောင့် ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ ဒေသခံတွေ စစ်ကောင်စီတပ်တွေက ဝိုင်းထားပြီး ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ 

မှော်ဘုံ၊ လုံးခင်း၊ ဆန်ခါနဲ့ မဒဲယာန်ကျေးရွာတွေက ဖြတ်သန်းသွားလာနေကြတဲ့ ပြည်သူ ၁၅ ယောက်ထက်မနည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနန့်ပါ ဒေသကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်တွေ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ်ကာ စစ်အင်အားတိုးချဲ့လာသလို ဒေသခံပြည်သူတွေကို အဓမ္မပေါ်တာဆွဲ တာတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up