ဂျာမနီ ငါးပြတိုက်တွင် ငါးလှောင်ကန် ဖန်ပေါင်းချောင် ပေါက်ကွဲပြီး လူ ၂ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ရှိ ကမ္ဘာ့အကြီးဆုံး ဆလင်ဒါငါးပြတိုက်က ထူးခြားဆန်းပြားတဲ့ ငါးမျိုးစုံ ၁,၅၀၀ လောက်ထည့်ထားတဲ့ ဖန်ပေါင်းချောင် လှောင်အိမ်ကြီး ရုတ်တရက် ပေါက်ကွဲထွက်ခဲ့ပါတယ်။
အခင်းဖြစ်နေရာကို အရေးပေါ်တုံ့ပြန်ရေးသမား အယောက် ၁၀၀ လောက် အမြန်ရောက်ရှိခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုဌာနတွေက ပြောပြီး မျက်မြင်သက်သေ ဗွီဒီယိုတွေနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကိုလည်း လူမှုကွန်ရက်တွေမှာ မျှဝေခဲ့ကြပါတယ်။
“မယုံနိုင်စရာ အဏ္ဏဝါပျက်စီးမှုအပြင် ဖန်သားကွဲအက်မှုကြောင့် လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး သူတို့ကို ဆေးရုံပို့ဆောင်ထားတယ်” လို့ ဘာလင်ရဲတပ်ဖွဲ့က တွစ်တာမှာ ရေးပါတယ်။
ခုလို ပေါက်ကွဲထွက်ရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း ဘာလင်မီးသတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန် ဝမ့်ဇဲလ်က ဆိုပါတယ်။
အမြင့် ၄၆ ပေရှိတဲ့ ဒီကွန်ပလက်စ် အဆောက်အဦမှာ ရက်ဒစ်ဆင်ဟိုတယ်၊ ပြတိုက်၊ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေလည်း တည်ရှိပါတယ်။
“အဆောက်အအုံကို စစ်ဆေးကြည့်တော့ မြေညီထပ်မှာ အပျက်အစီးတွေ ပြည့်နေပြီး ခြေထောက်နဲ့ သွားလာလို့မရတဲ့အတွက် အခု ကယ်ဆယ်ရေးခွေးတွေကို သုံးနေပါတယ်။ ဒါ့အပြင် နောက်ထပ် ထိခိုက်ဒဏ်ရာရသူ မရှိတော့ပါဘူး” လို့ ဝမ့်ဇဲလ်က ပြောပါတယ်။
ဟိုတယ်မှာ ကျန်ရှိနေတဲ့ လူပေါင်း ၃၅၀ ကိုလည်း သူတို့ပစ္စည်းတွေကို ထုပ်ပိုးသိမ်းဆည်းခဲ့ပြီး ထွက်သွားပေးဖို့ တောင်းဆိုထားကြောင်းလည်း ဆိုပါတယ်။
ဘာလင်မြို့ရှိ ဘရန်ဒန်ဘာ့ဂ်ဂိတ်ကို ဦးတည်နေတဲ့ အဓိကလမ်းမကြီးကို အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေကြောင့် လမ်းတွေပိတ်နေပါတယ်။
ဘာလင်မြို့အပြင်ဘက်မှာ အပူချိန်ဟာ သုညအောက် -၇ ဒီဂရီစင်တီဂရိတ် ရှိနေတာကြောင့် အဆောက်အအုံက ထွက်ခွာလာတဲ့ ဟိုတယ်ဧည့်သည်တွေအတွက် အနားယူနေထိုင်ဖို့ ဘတ်စ်ကားတွေ စေလွှတ်ထားကြောင်း ရဲတပ်ဖွဲ့က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။