မလေးရှားမြေပြိုမှု သေဆုံးသူ အနည်းဆုံး ၁၆ ယောက်အထိရှိ

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ရှိ စခန်းချ အပန်းဖြေနေရာမှာ ဒီဇင်ဘာ ၁၆ ရက်က မြေပြိုကျမှုကြောင့် စခန်းချတဲတွေအတွင်း အိပ်ပျော်နေတုန်း သေဆုံးရသူ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ၁၆ ယောက် ရှိသွားပြီဖြစ်ပြီး ရှာဖွေရေးအဖွဲ့တွေကလည်း ပျောက်ဆုံးနေဆဲလူပေါင်း ၂၀ ကျော်ကို ရှာတွေ့နိုင်ဖို့ ရွှံ့ထူထပ်တဲ့ နေရာတွေက သစ်ပင်တွေကို ရှင်းလင်းနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော် ကွာလာလမ်ပူနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဆီလန်ဂေါပြည်နယ်မှာ မြေပြိုမှုဟာ ဒေသစံတော်ချိန် မနက် ၃ နာရီမထိုးခင် ဖြစ်ပွားခဲ့ပြီး စခန်းချ တဲပစ္စည်းတွေနဲ့အတူ တောင်စောင်းကနေ အော်ဂဲနစ်စိုက်ခင်းတခုထဲကို ပြိုကျထိုးဆင်းသွားတာပါ။
သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီး ၁၀ ဦး ပါဝင်ကြောင်း မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနကနေ သိရပါတယ်။
မြေပြိုရတဲ့ အကြောင်းရင်းကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အဲဒီဒေသမှာ မိုးက နည်းနည်းပဲ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ မြေပြိုမှုတွေ အဖြစ်များပေမဲ့ အများအားဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီးမှသာ ဖြစ်လေ့ရှိတာပါ။
ရေကြီးရေလျှံမှုတွေ မကြာခဏဖြစ်ပေါ်တတ်ပြီး မနှစ်ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ် ၇ ခုမှာ လူပေါင်း ၂၁,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။