ကျိုက်ထိုတွင် နယ်မြေရှင်းလင်းရေးလာလုပ်သည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇန်နဝါရီ ၅ ရက် မနက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီနေ့မနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလာလုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲပြီး ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုမိုင်းခွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးကို မသိရသေးသလို စစ်ကောင်စီတပ် အင်အား ၅၀ လောက်က အင်္ဂဘိုရွာကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့မနက် ၇ နာရီလောက်မှာ စစ်တောင်းဘက်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းဝင်တဲ့ စစ်ကား ၄ စီးပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အခု စစ်ကောင်စီတပ်ဖွဲ့ နယ်မြေရှင်းလင်းစဥ် ထပ်မံ မိုင်းဆွဲခံရတာလို့ ဒေသအတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကားတစီး ထိမှန်ပျက်စီးခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီက ပြောထားပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တာတွလည်း ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။
ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံနေရပါတယ်။