ယူကရိန်းရှိ လူနေအဆောက်အအုံ ရုရှားဒုံကျည်ထိမှန်ပြီး ၅ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

ယူကရိန်းနိုင်ငံအရှေ့အလယ်ပိုင်းရှိ နီပရိုမြို့က လူနေတိုက်ခန်းအဆောက်အအုံတခုကို ရုရှားရဲ့ ဒုံးကျည်တစင်း ထိမှန်ခဲ့တာကြောင့် ကလေးငယ် ၆ ဦးအပါအဝင် လူ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ အဲ့ဒီဒေသရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူ ဗာလန်တင် ရက်ဇ်နီချန်ကို က ပြောပါတယ်။
“၂၇ ဦး ဒဏ်ရာရရှိတဲ့အထဲမှာမှ ကလေး ၆ ဦး ပါဝင်ပါတယ်။ အာလုံးကို ဆေးရုံမှာတင်ထားတယ်” လို့ သူက အတည်ပြုပြောဆိုခဲ့တာပါ။
ယူကရိန်းနိုင်ငံအရေးပေါ်ဝန်ဆောင်မှုဌာနက ထုတ်ပြန်တဲ့ဗွီဒီယိုထဲမှာလည်း ကယ်ဆယ်ရေး လုပ်သားတွေက ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို အခင်းဖြစ်ရာမှာ ရှာဖွေနေကြတာကို တွေ့ရပါတယ်။
အရှေ့အလယ်ပိုင်း နီပရိုမြို့ရှိ လူနေအဆောက်အအုံကြီးတခုရဲ့ အစိတ်အပိုင်းတခုအောက် ပိတ်မိနေတဲ့ လူ ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် အဆောက်အအုံကတော့ အပျက်အစီးပုံ အဖြစ်သာ ကျန်ရှိသလို ကောင်းကင်မှာလည်း မီးခိုလှိုင်းလုံးကြီးတွေကို တွေ့ရကြောင်း ယူကရိန်းသမ္မတရုံး လက်ထောက်အကြီးအကဲဖြစ်သူက ပြောပါတယ်။
ရိုက်တာသတင်းဌာနကတော့ ဗွီဒီယိုထဲမှာတွေ့ရတဲ့ အဆောက်အအုံဒီဇိုင်းပုံစံတွေကို အဲ့ဒီဧရိယာက ဂြိုဟ်တုဓာတ်ပုံတွေ၊ ကိုက်ညီမှုရှိတဲ့ဖိုင်တွေနဲ့ တိုက်ကြည့်ကာ တည်နေရာကို အတည်ပြုနိုင်ခဲ့ တယ်လို့ သိရပါတယ်။