close

နဂါးနီစစ်ကြောင်းအတွက် ဒရုန်းပရောဂျက်ကမ်ပိန်း အောင်မြင်

ကရင်ပြည်နယ်အခြေစိုက် နဂါးနီစစ်ကြောင်းအတွက် လိုအပ်နေတဲ့ ဒရုန်းရရှိဖို့ ပရောဂျက်ကမ်ပိန်း ပြုလုပ်ပြီး ပြည်သူတွေဆီကနေ အလှူငွေကောက်ခံခဲ့ရာမှာ ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီကမ်ပိန်းကို ဒီဇင်ဘာ ၃ ရက်ကနေ ဇန်နဝါရီ ၄ ရက်နေ့အထိ တလတိတိ ပြုလုပ်ခဲ့တာဖြစ်ပြီး လိုအပ်နေတဲ့ငွေ ကျပ် သိန်း ၃၄၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ထောက်ပံ့ငွေရရှိဖို့ ရွှေသား အပါအဝင် ပယင်းနဲ့ အလှစီထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်ချီကားကို ကဲစမ်းမဲလက်မှတ်ပြုလုပ်ကာ ရောင်းချခဲ့ပြီး ငွေထုတ်ယူတဲ့လမ်းကြောင်း ခက်ခဲတဲ့အတွက် ဇန်နဝါရီ ၁၇ ရက်နေ့မှပဲ ငွေတွေကို လက်ခံရရှိခဲ့လို့ ပြည်သူတွေကို အသိပေးနောက်ကျခဲ့တဲ့အတွက် အနူးအညွတ် တောင်းပန်တယ်လို့လည်း တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒရုန်းပရောဂျက်အတွက် ကံစမ်းမဲအစောင်ရေ ၄,၀၀၀ ရောင်းချခဲ့ရပြီး လက်မှတ်တစောင်ကို မြန်မာငွေ ၁၀,၀၀၀၊ ဘတ်ငွေ ၁၂၀ နဲ့ ရောင်းချခဲ့တာဖြစ်ကာ လက်မှတ်ဝယ်ယူအားပေးတဲ့ တဦးချင်းစီကိုလည်း ကျေးဇူးတင်သလို စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ပြည်သူတွေအနေနဲ့လည်း ဆက်လက်ကူညီပေးဖို့ နဂါးနီစစ်ကြောင်းက တိုက်တွန်းထားပါတယ်။

အခုနှစ် ဇန်နဝါရီလဆန်းပိုင်းက နဂါးနီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ဌာနချုပ် ၃ ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော်ဘားတိုက်၊ အရာရှိအဆောက်အအုံ၊ မော်တော်ယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်သား ၄၅ ဦးကို သေကျေ ဒဏ်ရာရရှိစေခဲ့တယ်လို့ ဇန်နဝါရီ ၉ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up