တရုတ်-အမေရိကန် နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲ ဆွစ်ဇာလန်တွင် ကျင်းပ

တရုတ်-အမေရိကန် နှစ်နိုင်ငံကြား ပြည့်စုံကျယ်ပြန့်တဲ့ စီးပွားရေးဆွေးနွေးပွဲမှာ တရုတ်ဘက်က အကြီးအကဲဖြစ်တဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟော့နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျက်နက် ယယ်လန်တို့ ဇန်နဝါရီ ၁၈ ရက်က ဆွစ်ဇာလန်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲနှစ်ဦး ဘာလီကျွန်းမှာ ဆွေးနွေးချိန်က အရေးတကြီး သဘောတူညီခဲ့တဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ဘုံကမ္ဘာ့စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာရုံစိုက်ရင်း နှစ်နိုင်ငံ အကြီးတန်းအရာရှိတွေဟာ နှစ်နိုင်ငံနဲ့ တကမ္ဘာလုံးရဲ့ မက်ခရိုစီးပွားရေးနဲ့ ဘဏ္ဍာရေးအခြေအနေတွေကို ပညာရှင်ပီပီ နက်နက်ရှိုင်းရှိုင်း၊ ပြတ်ပြတ်သားသားနဲ့ လက်တွေ့ကျကျ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွေက အပြုသဘောဆောင်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုဟာ အရေးပါတဲ့အဆင့်ဆီ ရောက်နေပြီး မက်ခရိုမူဝါဒ ဆက်သွယ်ရေးနဲ့ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းလာဖို့၊ စီးပွားရေးဆိုင်ရာနဲ့ ဘဏ္ဍာရေးနယ်ပယ်တို့က စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့ဟာ တရုတ်နဲ့ အမေရိကန်တို့အတွက်သာမက တကမ္ဘာလုံးရဲ့ အကျိုးစီးပွားအတွက်ဖြစ်တယ်လို့ နှစ်ဖက် သဘောတူခဲ့ကြပါတယ်။
သူတို့ဟာ မက်ခရိုစီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရေရှည်တည်တံ့တဲ့ ငွေကြေးပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို နှစ်ဖက်စလုံးက အသိအမှတ်ပြုကြပြီး ကုလသမဂ္ဂ၊ G20 နဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလို ဘက်စုံ မူဘောင်တွေအတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့ သဘောတူညီခဲ့ကြပါတယ်။
သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေး အသွင်ကူးပြောင်းမှုမှာ ထွန်းသစ်စ ဈေးကွက်တွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆက်ပံ့ပိုးကူညီဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်။
တရုတ်နိုင်ငံအပေါ် အမေရိကန်ရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ မူဝါဒတွေအပေါ် စိုးရိမ်ကြောင်းကိုလည်း တရုတ်ဘက်က ထုတ်ဖော်ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးမှာ ဒီလိုမူဝါဒတွေရဲ့ အကျိုးသက်ရောက်မှုတွေကို အမေရိကန်က အာရုံစိုက်လိမ့်မယ်လို့ မျှော်လင့်တယ်၊ ယာလန်က အခုနှစ်အတွင်း သင့်တော်တဲ့အချိန်မှာ တရုတ်နိုင်ငံဆီ လာရောက်လည်ပတ်ဖို့ ကြိုဆိုတယ်လို့ လျူဟော့က ဖိတ်ကြားခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန် နှစ်ဖက်စလုံးဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေးအဖွဲ့တွေကြား အဆင့်အသီးသီးမှာ ဆက်သွယ်မှုနဲ့ အပြန်အလှန် ဖလှယ်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ သဘောတူခဲ့ကြပါတယ်။