သီရိလင်္ကာအတွက် IMF ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံရရှိရန် အိန္ဒိယထောက်ခံပေး

အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာနိုင်ငံအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံရရှိဖို့ ထောက်ခံပေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ ရက်မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာဟာ သိရီလင်္ကာမြို့တော် ကိုလံဘိုကို ရောက်ရှိလာပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာဟာ ၂၀၂၁ ခုနှစ်ကတည်းက သီရိလင်္ကာနိုင်ငံကို ၃ ကြိမ်မြောက်ခရီးစဉ် ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ၂ ရက်တာ ခရီးစဉ်အတွင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး အလီ ဆာဘရီနဲ့ တွေ့ဆုံခဲ့ပြီး ကြွေးမြီကပ်ဘေးထဲ ကျရောက်နေတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့နဲ့ ၂ နိုင်ငံအကြား အရေးပါတဲ့ သဘောတူစာချုပ် အများအပြားကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဂျိုင်ရှန်ကာရဲ့ ခရီးစဉ်အတွင်းမှာ ၂ နိုင်ငံဟာ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းရှိ ကျွန်း ၃ကျွန်းကို လွှမ်းခြုံနိုင်မယ့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်း တခုအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း သီရိလင်္ကာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်နှစ်ခုက ဆိုပါတယ်။
ဒီစီမံကိန်းကို အိန္ဒိယက ဝင်မယူသေးခင် တရုတ်ကုမ္ပဏီတခုဆီ အရင်ပေးအပ်ထားတာကြောင့် မနှစ်က အငြင်းပွားမှု ဖြစ်ခဲ့ရပါသေးတယ်။
အိန္ဒိယဟာ သီရိလင်္ကာရဲ့ ကြွေးမြီပြန်လည်ဖွဲ့စည်းရေးအစီအစဉ်ကို အခိုင်အမာ ထောက်ခံပါကြောင်း ကမ္ဘာလုံးဆိုင်ရာ ချေးငွေအဖွဲ့ IMF ကို ပြောကြားခဲ့ပြီး သီရိလင်္ကာနိုင်ငံဟာ သူ့ရဲ့ အနီးဆုံးအိမ်နီးချင်းနိုင်ငံမှာ ဒေါ်လာ ၁ ဘီလီယံလောက် အကြွေးတင်နေတာပါ။
ဒါပေမဲ့ သီရိလင်္ကာနိုင်ငံဟာ ချေးငွေအတွက် IMF အဖွဲ့နဲ့ နောက်ဆုံးသဘောတူညီမှုရဖို့ နိုင်ငံအတွက် အကြီးဆုံး ငွေချေးပေးနိုင်မယ့် တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဆီက ထောက်ခံမှုကို လိုအပ်နေတာပါ။
ဒီချေးငွေဟာ နှစ်ပေါင်း ၇၀ အတွင်း လူဦးရေ ၂၂ သန်းနီးပါးရှိတဲ့ သီရိလင်္ကာနိုင်ငံကို အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းကနေ လွတ်မြောက်အောင်ကူညီဖို့ မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ်။