ကစားသမားသစ် ထပ်ခေါ်ပါက အာဆင်နယ် ချန်ပီယံဖြစ်နိုင်ဟု ပေါလ်စခိုး သုံးသပ်

အာဆင်နယ်အသင်းအနေနဲ့ ကစားသမားသစ် ၃ ဦးလောက် ထပ်ခေါ်ယူနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူနိုင်တယ်လို့ ကစားသမားဟောင်း ပေါလ်စခိုးက အကြံပြု ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းကနေ လီအန်ဒရိုထရော့ဆတ်ကို ခေါ်ယူခဲ့ပြီး မန်ယူအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ဂိုးအတွက် ပါဝင်ပတ်သက်ခဲ့ပါတယ်။
ကစားသမားသစ်တွေ ခေါ်ယူမယ်ဆိုရင် အသင်းရဲ့ရလဒ် ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ ထရော့ဆတ်က သက်သေပြနေပြီး နောက်ထပ် နှစ်ယောက်သုံးယောက်လောက် ထပ်ခေါ်ယူမယ်ဆိုရင် ချန်ပီယံဖြစ်နိုင်တယ်လို့ ပေါလ်စခိုးက ပြောပါတယ်။
“ချန်ပီယံဆု မှန်းနိုင်ဖို့အတွက်က လူစာရင်းတောင့်တင်းဖို့ လိုပါတယ်။ ပွဲထွက်ကစားသမားတွေရဲ့ နေရာကို အစားထိုးပြီး ဝင်ကစားနိုင်မယ့်သူတွေလိုတယ်” လို့ ပေါလ်စခိုးက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပိုလန်ဗဟိုခံစစ်မှူး ကီဝီယောကို အီတလီကလပ် စပက်ဇီယာအသင်းကနေ ခေါ်ယူခဲ့ပြီး အဲဗာတန်ကွင်းလယ်လူ အိုနာနာကို ခေါ်ယူဖို့လည်း ချိတ်ဆက်နေပါတယ်။