close

ရေမီတာခ ၁၈ လစာ လာဆောင်ရန် မြောက်ဥက္ကလာစည်ပင်က ပြည်သူများကို ဖိအားပေးကောက်ခံ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်က စည်ပင်ရေပေးဝေ‌ရေးဌာနကနေ ၂၀၂၁ ခုနှစ်တုန်းက ရေမီတာခွန်ခတွေ ပြန်ရဖို့ မြို့နယ်အတွင်းရေသုံးစွဲနေသူတွေထံကနေ ဖိအားပေး လိုက်လံတောင်းခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

စည်ပင်က ရေမီတာခွန်  ငွေသွင်းချလန်နဲ့ အတူပေးတဲ့ စာရွက်ပါ အကြောင်းအရာအရ ပေးဖို့ ကျန်ရှိတဲ့ ရေဖိုးရေခတွေပေးဆောင်ဖို့ ၂၀၂၁ မတ်လကနေ ၂၀၂၂ ဩဂုတ်လအထိ ၁၈ လစာ ရေဖိုးတွေကို အတင်းအကျပ်ပေးဆောင်စေခိုင်းနေတာပါ။ 

“အာဏာသိမ်းချိန်က မီတာလာကောက်သူတွေ မလာကြဘူး၊ ၇ လပိုင်းလောက်မှာလာတော့ မီတာခ ဘယ်နှလခဆိုပြီး ကောက်နေကြသူက လာတယ်၊ စာရွက်မပါဘူး၊ စာအုပ်မှာ ဒီအတိုင်း လာကောက်တာ၊ လက်မှတ်ထိုးရတယ်၊ အဲ့တုန်းကတောင် ၂ လပိုင်းကနေ ၇ လပိုင်းအထိ ၆ လစာ ဒီအတိုင်း ဆောင်လိုက်ရတယ်၊ ချလန်တောင်းတော့ ရုံးက နောက်လ လာကောက်မှ တပါတည်း ပေးလိုက်မယ် ပြောတယ်၊ အဲ့နောက်ပိုင်းလည်း ၂ လ တစ်ခါ ၃ လ တစ်ခါ လာတယ်၊ မေးလိုက်တိုင်း နောက်လ‌လာကောက်မှ ချလန်ပေးမယ်လို့ ပြောတာ၊ အခု ၂၀၂၃ တစ်လပိုင်းမှာ ချလန် ၁၈ ရွက်နဲ့ နာမည်တပ်ထားတဲ့ ရုံးစာတစ်စောင် ပါလာတယ်၊ ပေါင်းဆောင်ရမယ်တဲ့  ၄ သောင်းကျော် ကျသွားတယ်၊ လာမယ့် ၁၂ ရက်နေ့ နောက်ဆုံး ဆောင်၊ မဆောင်ရင် ရေမီတာ လာဖျက်မယ် ပြောသွားတယ်၊ ရပ်ကွက်ထဲက လူတွေနဲ့ ရုံးကို စာတင်ဖို့ လုပ်ထားပါတယ် " လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ 

၁၈ လစာ ရေမီတာခ ဆောင်ရမယ့် ‌ရက်ဟာ ၂၀၂၃ ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးဖြစ်ကာ ရုံးပိတ် ရက်ဆိုပေမဲ့ ‌အခွန်လာဆောင်ဖို့ ရုံးဖွင့်ထားတယ်လို့ သိရပြီး သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက ရေမီတာဖြုတ်သိမ်းတာတွေ လုပ်ဆောင်ပြီး စည်ပင်ဥပဒေအရ အရေးယူသွားမယ်ဆိုတာ မြို့ခံတွေကို ပြောသွားတယ်လို့ သိရပါတယ်။

Up