ယူကရိန်းသမ္မတက ဗြိတိန်ဘုရင်နှင့် ဝန်ကြီးချုပ်တို့ကို တွေ့ဆုံ

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်နဲ့ရော ဗြိတိန်ဘုရင် ချားလ်စ်နဲ့ပါ ဖေဖော်ဝါရီ ၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
ဇလန်းစကီးဟာ ရှားရှားပါးပါး နိုင်ငံခြားခရီးစဉ်အတွင်း ဗြိတိန်မြို့တော် လန်ဒန်ကို ရောက်လာပြီး ဝန်ကြီးချုပ်ကို ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်ရုံးမှာသွားရောက် တွေ့ဆုံခဲ့တာပါ။
ရုရှားရဲ့ထိုးစစ်ကို ခုခံရာမှာ ယူကရိန်းကိုကူညီဖို့ စစ်ဘက်ဆိုင်ရာ ပေးပို့ကူညီတာတွေ ချက်ချင်းတိုးလုပ်မယ်လို့ ဗြိတိန်က ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းလေယာဉ်မှူးတွေကိုလည်း သင်တန်းပေးဖို့ ကတိပြုလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး ဒီဇင်ဘာလက ဇလန်းစကီးဟာ အမေရိကန်နိုင်ငံဆီကို သွားခဲ့အပြီး အခု ဗြိတိန်ဟာ ဒုတိယ နိုင်ငံခြားခရီးစဉ်ပါ။
မွန်းလွဲပိုင်းမှာတော့ ဇလန်းစကီးဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ဂျာမန်အဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်တို့ကို ပြင်သစ်မြို့တော် ပါရီမှာ တွေ့ဆုံခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်မှာ ဇလန်းစကီးဟာ ယူကရိန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ခွင့်ပြုရေး ခြေလှမ်းတွေကို ပိုမြန်မြန်လှုပ်ရှားဖို့နဲ့ လက်နက်တွေ ပိုတပ်ဆင်ပေးရေး ဆွေးနွေးဖို့ ဥရောပသမဂ္ဂက ထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်ကို သွားမယ်လို့ ဥရောပသမဂ္ဂ သံတမန်တယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။