close

မန်ယူအသင်း၏ စရိုက်လက္ခဏာနှင့် စိတ်ပိုင်းဆိုင်ရာကို နည်းပြ အဲရစ်တန်ဟတ်ဂ် ချီးကျူး

ဘာစီလိုနာနဲ့ နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ မန်ယူအသင်းသားတွေရဲ့ စရိုက်လက္ခဏာနဲ့ စိတ်ပိုင်းဆိုင်ရာကို နည်းပြ အဲရစ်တန်ဟတ်ဂ်က ချီးကျူးသွားပါတယ်။

မန်ယူအသင်းဟာ နူးကမ့်ကွင်းမှာ  အိမ်ရှင် ဘာစီလိုနာကို ၂ ဂိုးစီ သရေကစားနိုင်ခဲ့တာကြောင့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်အတွက် မျက်နှာပန်းလှတဲ့ ရလဒ်တခု ရယူနိုင်ခဲ့တာပါ။

နည်းပြ တန်ဟတ်ဂ်ကတော့ မန်ယူအသင်းသားတွေကို ချီးကျူးခဲ့ပြီး စရိုက်လက္ခဏာနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ အများကြီး တွေ့မြင်ခဲ့ရကြောင်း ပြောပါတယ်။

“ပုံစံကောင်းရနေတဲ့ ရက်ရှ်ဖို့ဒ်ကို ချီးကျူးရမှာ သေချာပေမဲ့ အသင်းတသင်းလုံးကလည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါက အမှန်တကယ် ကောင်းမွန်တဲ့ အသင်းလိုက်ခြေစွမ်း ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီအသင်းမှာ စရိုက်လက္ခဏာတွေနဲ့ စိတ်ပိုင်းဖြတ်နိုင်မှုတွေလည်း အများကြီးတွေ့ရတယ်။ ဂိုးသွင်းနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်လည်းရှိပြီး ပထမဂိုးရဲ့ အဓိပ္ပာယ်က အတော်လည်း အရေးကြီးတယ်။ ဒီလိုမျိုး အရင်က မလုပ်နိုင်ခဲ့တဲ့အရာဖြစ်တယ်” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

မန်ယူအသင်းဟာ လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဆက်ကစားအပြီး လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်မှာ ဘာစီလိုနာကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။

Up