ရုရှားကို အိုင်စီစီတရားရုံးတင်ရန်နှင့် ယူကရိန်းပြန်လည်ထူထောင်ရေး သေချာစေရန် ဗြိတိန်ဝန်ကြီးချုပ်ပြော

ရုရှားကျူးကျော်စစ်ကြီး ပြီးဆုံးတဲ့အခါ ယူကရိန်းပြန်လည်တည်ဆောက်ရေးအတွက် ရုရှားက ဒီအပေါ်မှာ ပြန်လည်ပေးချေရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အနောက်မဟာမိတ်နိုင်ငံတွေ အနေနဲ့ သေချာမှုရှိအောင် စဉ်းစားဆောင်ရွက်သင့်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ တိုက်တွန်း လိုက်ပါတယ်။
“ရုရှားကို တာဝန်ယူမှု ရှိစေဖို့ ကမ္ဘာကြီးတစ်ခုလုံးက မဖြစ်မနေ လုပ်ဆောင်ရပါ လိမ့်မယ်၊ ဘူချာ၊ အာပင်၊ မာရီယူပေါလ် ဒါမှမဟုတ် ဘယ်နေရာမှာပဲဖြစ်ဖြစ် ရုရှားကျူးလွန်ခဲ့တဲ့ ရွံ့ရှာစက်ဆုပ် ဖွယ်ရာ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ကတဆင့် တရားမျှတမှု ကို ကျနော်တို့ သေချာပေါက်မြင်တွေ့ရမှာပါ၊ ရုရှားရဲ့ ဆိုးဆိုးရွားရွား ဖျက်ဆီးမှုတွေကြောင့် ထိခိုက်ခံစားခဲ့ရတာတွေအတွက်လည်း လုံးဝတာဝန်ယူရမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ လည်း ယူကရိန်းပြန်လည်ထူထောင်ရေးဆိုင်ရာ ညီလာခံကို လာမယ့်ဇွန်လအတွင်း လန်ဒန်မြို့မှာ ပြုလုပ်သွားမှာပါ၊ ဒါကြောင့် ဒီလို ပြန်လည်တည်ဆောက်ရေးအတွက် ရုရုားကပေးချေဖို့ သေချာမှု ရှိအောင် ကျနော်တို့ အတူတကွ စဉ်စားသင့်ပါတယ်”လို့ ဝန်ကြီးချုပ်က ပြောသွားတာပါ။
ဒီမိန့်ခွန်းကို နှစ်စဉ်ကျင်းပတဲ့ မြူးနစ်လုံခြုံရေး ဆိုင်ရာညီလာခံမှာ ဆူနက်ခ် က ပြောသွားတာဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ရုရှားရဲ့ရန်လိုမှုအပေါ် တုံ့ပြန်ရာမှာ ယေဘုယျအား ဖြင့် ခိုင်မာမှုမရှိသေးဘူးလို့ မှတ်ချက်ပြုပါတယ်။
“ယူကရိန်းလေယာဉ်မှူးတွေကို နေတိုးမဟာမိတ်အဖွဲ့စံနှုန်းတွေနဲ့အတူ နည်းဗျူဟာတွေကိုပါ စတင်လေ့ကျင့်ပေးနေပါပြီ။ ဒါက အရေးကြီးတယ်လို့လည်း ကျနော့်အနေနဲ့ ယူဆပါတယ်။ ပြီးတော့မှသာ ယူကရိန်းလုံခြုံရေးကို တိုးမြှင့်ဖို့အတွက် ရေရှည်နည်းလမ်းတွေအကြောင်း ကျနော်တို့ပြောကြတာပေါ့။ ဒါက ကျနော်တို့ စလုပ်နေတဲ့အရာတွေပါ။ တခြားနိုင်ငံတွေ အနေနဲ့လည်း လိုက်ပါလာလိမ့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်”လို့ ဝန်ကြီးချုပ်ဆူနက်ခ်က ပြောခဲ့ပါတယ်။