close

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဖြင့် အဲဗာတန်အသင်းကို ပရီးမီးယားလိဂ် စုံစမ်းစစ်ဆေး

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ အဲဗာတန်အသင်းကို ဘဏ္ဍာရေးစည်းမျဉ်းတွေချိုးဖောက်ခဲ့မှုနဲ့ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အဲဗာတန်အသင်းဘက်က စည်းမျဉ်းချိုးဖောက်မှုတွေကို အသေးစိတ်မထုတ်ပြန်ပေမဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် ဘောလုံးရာသီက အဲဗာတန်အသင်းရဲ့ ဘဏ္ဍာရေး ဆိုင်ရာချိုးဖောက်မှုတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ 

အဲဗာတန်အသင်းဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ  ပေါင် ၁၂၀  ဒသမ ၉ သန်း အရှုံးပေါ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါဟာ သုံးနှစ်တာ ကာလအတွင်းမှာ ပေါင် ၃၇၂ သန်းအထိ အရှုံးပြခဲ့တာဖြစ်ပြီး ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်လို့ရတဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့တာလို့ သိရပါတယ်။ 

အဲဗာတန်အသင်းဘက်ကတော့ သူတို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို ပွင့်လင်းမြင်သာစွာနဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီကို နှစ်စဉ် တင်ပြခဲ့ကြောင်း၊  စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့ ကြောင်းကို ယုံကြည်မှုရှိစွာနဲ့ပြန်လည် ခုခံချေပ သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

တကယ်လို့ အပြစ်ထင်ရှားမယ်ဆိုရင်တော့ အဲဗာတန် အသင်းကို အမှတ်လျှော့ပြစ်ဒဏ်အပါအဝင် အပြောင်းအရွှေ့ပိတ်ပင်တာမျိုးတွေလည်း အရေးယူနိုင်တယ်လို့ သိရပါတယ်။

Up