“ဟိုတယ်ရဝမ်ဒါ” ဇာတ်ကား သရုပ်ဆောင် ပေါလ်ရူဆေဆာ ရဝမ်ဒါထောင်မှ လွတ်

"ဟိုတယ် ရဝမ်ဒါ" ဇာတ်ကားမှာ သူရဲကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်ထားတဲ့ ပေါလ် ရူဆေဆာ ဘာဂျီနာဟာ ရဝမ်ဒါအကျဉ်းထောင်ကနေ မတ် ၂၄ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ ပြင်းထန်တဲ့ သံတမန်ရေးအရသူ့ရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ ပေးပြီးနောက်မှာ ခုလိုပြန်လွတ်လာတာပါ။
အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရသူ ရူဆေဆာဘာဂျီနာကို မတ် ၂၄ ရက် နှောင်းပိုင်းမှာ အကျဉ်းထောင်ကနေ ကီဂါလီရှိ ကာတာသံအမတ်ရဲ့ နေအိမ်ကို ပြောင်းရွှေ့ခဲ့ချိန်မှာ အမေရိကန် သံရုံးမှ တာဝန်ရှိသူတစ်ဦးက ဝန်းရံလိုက်ပါသွားကြောင်း ဘိုင်ဒင်ရဲ့ ထိပ်တန်းအုပ်ချုပ်ရေးအရာရှိ ၂ ယောက်က ဝါရှင်တန်မှာ သတင်းထောက်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ရဝမ်ဒါအစိုးရဟာ ရူဆေဆာဘာဂျီနာရဲ့ ပြစ်ဒဏ်လျှော့ချကြောင်း စီရင်ချက်ကို မတ်လ ၂၄ ရက် သောကြာနေ့ အစောပိုင်းက ကြေညာခဲ့တာပါ။
ရူဆေဆာ ဘာဂျီနာဟာ လက်နက်ကိုင်တပ်ဖွဲ့ ရှိထားတဲ့ ရဝမ်ဒါသမ္မတ ပေါလ်ကာဂါဂိမ်းကို ဆန့်ကျင်တဲ့ အုပ်စုတစုနဲ့ အဆက်သွယ်ရှိခြင်းအတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရတာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရူဆေဆာ ဘာဂျီနာ လွတ်မြောက်လာမှုကို ကြိုဆိုကြောင်းနဲ့ ရဝမ်ဒါနဲ့ကာတာ အစိုးရတွေကို ကျေးဇူးတင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရူဆေဆာ ဘာဂျီနာဟာ ဒိုဟာကို မသွားရောက်ခင် ရက်အနည်းငယ်လောက် ရဝမ်ဒါမှာ ရှိနေမှာဖြစ်ပြီး အဲဒီကမှ အမေရိကန်ကို ဆက်သွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြား ခဲ့ပါတယ်။