close

မြန်မာအမျိုးသမီးအသင်း အီရန်ကိုရှုံးနိမ့်၊ အားနည်းချက်များကို ပြင်ဆင်သွားမည်ရမည်ဟု နည်းပြပြော

မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အိမ်ကွင်းမှာ အီရန်အသင်းကို ရှုံးပြီး ခြေစစ်ပွဲပထမ အဆင့်မှာဘဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အတွက် အသင်းရဲ့ အားနည်းချက်တွေကို အများကြီး ပြင်ဆင်သွားရမှာဖြစ်တယ်လို့  မြန်မာအသင်းနည်းပြချုပ်က ပြောကြားလိုက်ပါတယ်။

ပါရီ အိုလံပစ် အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ ဒုတိယ အကျော့ပွဲစဉ်ဖြစ်  ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ဧပြီ ၈ ရက်၊ မနေ့ ညနေက အီရန်နဲ့ မြန်မာ အမျိုးသမီးအသင်းတွေ ယှဉ်ပြိုင်ကစားခဲ့ရာ တဖက် တဂိုးစီ သရေကျသွားခဲ့တာပါ။  ပထမ အကျော့ပွဲစဉ်တုန်းက အီရန်အသင်းက မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလု်  (၂-၁)ဂိုးနဲ့ အီရန်အသင်းက အနိုင်ရကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့တာပါ။

ဒီရလဒ်နဲ့ပတ်သက်ပြီး မြန်မာအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ” ရလဒ်ကောင်း မယူပေးနိုင်လို့ စိတ်မကောင်းဖြစ်မိပါတယ်။ အသင်းရဲ့ အားနည်းချက်တွေကို အများကြီး ပြင်ဆင်သွားရမှာဖြစ်ပြီး လာမယ့်ပြိုင်ပွဲအတွက် ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ် ”လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အီရန်အသင်းနည်းပြချုပ် မာရမ်အဇမွန်းကလည်း “ကျမတို့အသင်းဟာ ကမ္ဘာ့အဆင့်မှာရော ခြေစွမ်းမှာပါ နိမ့်ကျခဲ့ပေမဲ့ ရလဒ်ကောင်း ယူနိုင်ဖို့ အစစအရာရာ အကောင်းဆုံး ပြင်ဆင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အာရှမှာ အသင်းကြီးတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ဒါကြောင့် တန်ပြန်တိုက်စစ်ကို ဦးစားပေး ကစားခဲ့ရတာပါ။ ရလဒ်ကောင်းရရှိဖို့ ကြိုးစားခဲ့တဲ့ကစားသမားတွေအတွက် ဂုဏ်ယူမိပါတယ်။ လာမယ့် ဒုတိယအဆင့်ခြေစစ်ပွဲမှာလည်း ရလဒ်ကောင်း ယူနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းမှာ  ခင်မာလာထွန်း၊ ဝင်းသိင်္ဂီထွန်း၊ မြတ်နိုးခင် စတဲ့ ဝါရင့်ကစားသမားတွေနဲ့ မျိုးဆက်သစ်ကစာသမားတွေ ပါဝင်ကစားခဲ့ကြတာပါ။

ဖီဖာအဆင့်သတ်မှတ်ချက်မှာ မြန်မာအမျိုးသမီးအသင်းက အဆင့် ၄၇ နဲ့ အီရန်အမျိုးသမီးအသင်းက အဆင့် ၆၇ မှာ အသီးသီး ရပ်တည်နေတာဖြစ်ပါတယ်။

Photo-MFF

Up