ဟာလန်းဟာ မက်ဆီနှင့် ရော်နယ်ဒိုတို့၏ အဆင့်အတန်းရောက်ရှိနေပြီဟု ဂွာဒီယိုလာချီးကျူး

တိုက်စစ်မှူးဟာလန်းဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ အဆင့်အတန်းကိုရောက်ရှိနေပြီလို့ နည်းပြဂွာဒီယိုလာက ချီးကျူးသွားပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ် နှစ်ခုစာလောက်အတွင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့သာ အပြိုင်အဆိုင်ဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဟာလန်းက သူတို့နှစ်ဦးရဲ့ အဆင့်အတန်းကိုရောက်ရှိ နေပြီလို့ ဂွာဒီယိုလာကပြောခဲ့တာပါ။
နော်ဝေတိုက်စစ်မှူးဟာ စနေနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ နှစ်ဂိုးသွင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ် သွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၄၄ ဂိုးရှိသွားခဲ့တာပါ။
ဂွာဒီယိုလာက “ဟာလန်းက ခရစ္စတီယာနိုနဲ့ အတော်လေးတူညီပါတယ်။ လီယွန်နယ်ကတော့ ပိုပြီး ပြီးပြည့်စုံတဲ့ ကစားသမားပါ။ ဒါပေမဲ့ ဟာလန်းက စက်ရုပ်တရုပ် လိုပါပဲ။ ဆယ်စုနှစ် နှစ်ခုလောက် သူတို့နှစ်ဦးကပဲ လွှမ်းမိုးလာခဲ့ပြီးနောက်မှာတော့ ဟာလန်းက သူတို့နေရာ ဝင်ဖို့ မယုံကြည်နိုင်လောက်အောင် မှန်ကန်တဲ့စိတ်ဓာတ်ရှိတယ်”လို့ ပြောပါတယ်။
လက်ကျန် ၉ ပွဲအလို လိဂ်သွင်းဂိုး ၃၀ ရရှိထားတဲ့ ဟာလန်းဟာ ၂၀၁၇-၂၀၁၈ ရာသီက တစ်ရာသီတည်း ၃၂ ဂိုးသွင်းခဲ့တဲ့ ဆာလာရဲ့စံချိန်ကို ကျော်ဖြတ်ဖို့လည်း အလားအလာ ကောင်းမွန်နေပါတယ်။