၂ ကြိမ်ထိုးရသည့် ကိုဗစ်ကာကွယ်ဆေး အိုမီခရွန်မျိုးကွဲသစ်ကို ကာကွယ်နိုင်ခြေနည်းကြောင်း တွေ့ရှိ

ထိုးဆေး ၂ ကြိမ် ထိုးရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးတွေဟာ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ်ကို အာနိသင်ပြယ်အောင် ဆန့်ကျင်နိုင်တဲ့ လုံလောက်တဲ့ ပဋိပစ္စည်းတွေကို မဖြစ်ပေါ်စေဘူးဆိုတာ ဗြိတိန်သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၁၃ ရက်မှာ တွေ့ရှိခဲ့ပါတယ်။
အောက်စ်ဖို့ဒ်တက္ကသိုလ်က သုတေသီတွေ ထုတ်ပြန်တဲ့ ပြန်မသုံးသပ်ရသေးတဲ့ လေ့လာချက် ရလဒ်ထဲမှာ သူတို့ဟာ Astrazeneca နဲ့ Pfizer ကာကွယ်ဆေး သီးခြားစီနဲ့ ရောစပ်ပြီး ထိုးပြီးသား လူတွေရဲ့ သွေးနမူနာတွေကို အကဲဖြတ်ခဲ့တာပါ။
ကာကွယ်ဆေး အာနိသင်ထိန်း ထိုးဆေးဟာ ဗီဇမျိုးကွဲကို သိသိသာသာ ကာကွယ်နိုင်တာကို ဗြိတိန် ကျန်းမာရေးဌာနက အရင်လက တွေ့ခဲ့အပြီး အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်မှုကို ထိန်းချုပ်ဖို့ ကာကွယ်ဆေး ထိုးဆေး ၂ လုံးက လုံလောက်မှာ မဟုတ်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က သတိပေးခဲ့ပြီးနောက် ခုလို ဆေးသုတေသန ရလဒ် ပေါ်ထွက်လာခဲ့တာပါ။
နဂိုကူးစက်ခံပြီးသားသူတွေ ဒါမှမဟုတ် ကာကွယ်ဆေးထိုးပြီးသား လူတွေကြားမှာ ကူးစက်မှု တိုးလာနိုင်တဲ့ ဖြစ်နိုင်ခြေကိုလည်း ဆေးသုတေသန ရလဒ်က ညွှန်ပြခဲ့ပါတယ်။
အတည်ပြု ကာကွယ်ဆေးထိုးဆေး ၂ လုံး ထိုးထားတဲ့သူတွေမှာ အိုမီခရွန် ကူးစက်မှုကို တိုက်ဖျက် ကာကွယ်နိုင်တဲ့ ပဋိပစ္စည်းပမာဏ ပိုနည်းနေတာဟာ ဆိုးရွားပြင်းထန်တဲ့ ရောဂါဝေဒနာ ဘေး၊ ဆေးရုံတက်နှုန်းနဲ့ သေဆုံးနှုန်း ပိုများစေနိုင်တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်တဲ့ သက်သေတော့ မရှိသေးဘူးလို့ အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ သုတေသနက ဆိုပါတယ်။
စမ်းသပ်ချက် အဆုံးစွန်အဆင့်မှာ ကာကွယ်ဆေး ထိုးပြီးသားလူတွေမှာ ပေါက်ပွားလာတဲ့ ရောဂါပိုး ဘယ်လောက်ရှိမလဲ၊ သူတို့ ဘယ်လောက် ပြင်းပြင်းထန်ထန် ဖျားနာမလဲ ဆိုတာကို စစ်ဆေးမယ်၊ စတဲ့ သတင်းအချက်အလက်တွေ ထွက်လာဖို့ ရှိတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ် ပါမောက္ခနဲ့ စာတမ်း ပူးတွဲရေးသားသူ မက်သရူးစနိတ်ပ်က ပြောပါတယ်။