close

အိုမီခရွန်ဗီဇမျိုးကွဲက ပိုပြင်းထန်သည့် သတင်းအချက်အလက် မရသေးဟု WHO ပြော

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန်ဗီဇမျိုးကွဲအသစ်ဟာ ဒယ်လ်တာဗီဇမျိုးကွဲထက် ပိုပြင်းထန် ဆိုးရွားသလားဆိုတာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် လုံလောက်အောင် မရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရာရှိတယောက်က ပြောပါတယ်။

တောင်အာဖရိကနိုင်ငံက ဒီဗီဇမျိုးကွဲသစ်ကို တွေ့တယ်လို့ တပ်လှန့်အပြီး အချိန်တလနီးပါး အကြာမှာ ခုလို ပြောလိုက်တာပါ။

“ကျနော်တို့မှာ ပြီးပြည့်စုံတဲ့ ရုပ်ပုံကားချပ် မရှိသေးဘူး။ နိုဝင်ဘာလက တောင်အာဖရိကနဲ့ ဟောင်ကောင်မှာ စတင်သိရှိဖော်ထုတ်ခဲ့တဲ့ ဗီဇမျိုးကွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ရှုပ်ထွေးနေဆဲပဲ နိုင်ငံတွေက ဒီပိုး ရောက်တာနဲ့ ပြန့်တာတွေနဲ့ပတ်သက်ပြီး အစီရင်ခံခဲ့တယ်”လို့ WHO ရဲ့ ကိုဗစ်-၁၉ ဆိုင်ရာ နည်းပညာခေါင်းဆောင် မာရီယာဗန်ခါခို့ဗ်က မီဒီယာတွေကို ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်တဲ့ တောင်အာဖရိက လေ့လာရေး စစ်တမ်းကတော့ အိုမီခရွန် ကူးစက်ခံရသူတွေဟာ ဒယ်လ်တာ ကူးစက်ခံတွေထက်စာရင် ဆေးရုံရောက်နှုန်း သိသိသာသာ နည်းဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ လူ့အဖွဲ့အစည်းထဲမှာ ကိုယ်ခံအား အဆင့်မြင့်သွားတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ စာတမ်းရေးသားသူတွေက ပြောပါတယ်။

WHO ရဲ့ အကြီးအကဲ တေဒရိုအဒါနွန် ဂေဘရီယေးဆပ်ကတော့ ကပ်ရောဂါဘေး ၂ နှစ်တာ ကာလကနေ သင်ခန်းစာယူကြဖို့ နိုင်ငံတွေကို တိုက်တွန်းပါတယ်။

ကာကွယ်ဆေးကို ပိုပြီး မျှမျှတတ ထိုးနှံကြဖို့ကိုလည်း ထပ်ပြီး ဆော်ဩပါတယ်။ ကမ္ဘာတဝန်း လူ ၅ ဒသမ ၆ သန်းကျော် သေဆုံးခဲ့ရတဲ့ ရောဂါကပ်ဘေးကြီး လာမယ့်နှစ်မှာ အဆုံးသတ်ဖို့ မျှော်လင့် တယ်လို့လည်း ပြောပါတယ်။

“WHO ရဲ့ ခန့်မှန်းခြေအရ တကမ္ဘာလုံးရဲ့ လူကြီး လူဦးရေ အားလုံးကို ကာကွယ်ဆေးထိုးဖို့ လုံလောက်အောင် ကာကွယ်ဆေး ဖြန့်ဖြူးပေးခဲ့ပြီးပြီ။ ကူးစက်နိုင်ခြေများတဲ့ လူဦးရေအတွက် ဆေးအာနိသင်ထိန်း ထိုးဆေးတွေကို ၂၀၂၂ ပထမ ၃ လပတ်မှာ ပေးဖို့ ရှိတယ်”လို့ တေဒရိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up