close

ဒုက္ခသည်စခန်း လေကြောင်းတိုက်ခိုက်ခံရသည့်အပေါ် ယီမင်ပြည်သူ ထောင်သောင်းချီဆန္ဒပြ

ယီမင်နိုင်ငံမြောက်ဘက် ဆာဒါပြည်နယ် အာဖရိကန်ဒုက္ခသည် အများစုနေထိုင်တဲ့ ယာယီဒုက္ခသည်စခန်းကို ဇန်နဝါရီ ၂၁ ရက်နေ့ အရုဏ်ဦးမှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် ကလေးတွေအပါအဝင် လူ ၆၀ ကျော် သေဆုံးခဲ့ပါတယ်။ 

အဲဒီနောက် နေ့လယ်မှာ မြို့တော်ဆာနာရဲ့ လမ်းတွေပေါ်  ထောင်သောင်းချီတဲ့ လူအုပ်တွေက လေကြောင်းတိုက်ခိုက်မှုကို ဆန္ဒပြခဲ့ကြပါတယ်။

ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်မှုပေးနေတဲ့ အစိုးရတပ်တွေနဲ့ အီရန်ကို ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။ 

အခုတိုက်ခိုက်မှုမှာ ယီမင်အစိုးရနဲ့ ဆော်ဒီတပ်တွေက ဟူသီတို့ရဲ့ စစ်ရေးနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ပြောပါတယ်။

ဟူသီသူပုန်တို့က ဇန်နဝါရီ ၁၇ နေ့မှာ ဆော်ဒီမြို့ကြီးအချို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ 

၂၀၁၅ မတ်လမှာ ဟူသီအဖွဲ့က ယီမင်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ဆော်ဒီအာရေဗျ၊ ယူအေအီး နိုင်ငံတို့က တပ်တွေအကူအညီနဲ့ အစိုးရဘက်က ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီကတည်းက ယီမင်မှာ အရပ်သားတွေ ထောင်သောင်းချီ သေဆုံးမှု၊ သန်းနဲ့ချီ နေရာရွှေ့ပြောင်းမှုနဲ့ အငတ်ဘေးတွေ  ကျရောက်နေပါတယ်။

 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up