close

ကုလအတွင်းရေးမှူးချုပ်ကို တရုတ်သမ္မတ လက်ခံတွေ့ဆုံ

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့က ပေကျင်းမြို့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို လက်ခံတွေ့ဆုံပြီး ဖိအားပေးရင်ဆိုင်နေရတဲ့ များစွာသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့နဲ့ အားကောင်းတဲ့ညီညွတ်မှု ရရှိစေဖို့ ပြောခဲ့ပါတယ်။ 

မစ္စတာဂူတာရက်စ်က ပေကျင်း ဆောင်းရာသီ အိုလံပစ်ဖွင့်ပွဲကို တက်ရောက်လာတာပါ။

ရှီကျင့်ဖျင်က ကုလသမဂ္ဂရဲ့လုပ်ငန်းတွေကို အခိုင်အမာ ထောက်ခံသွားမှာဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လူသားထုအတွက် မျှဝေခံစားတဲ့ အနာဂတ်အသိုက်အဝန်း (a community with a shared future for humanity) တည်ဆောက်ရေးတို့မှာ ကူညီမှုအသစ်တွေ ထည့်ဝင်သွားမယ်လို့ ကတိပေးပါတယ်။ 

ကိုဗစ်ကပ်ဘေးတိုက်ဖျက်မှုမှာ ၂၀၂၁ အတွင်း တရုတ်က ကာကွယ်ဆေး ၂ ဘီလီယံ ကမ္ဘာကို ပေးခဲ့ပြီး အခုနှစ်ထဲ ကပ်ဘေးတိုက်ဖျက်ရေး ပံ့ပိုးကူညီမှုမျိုးစုံ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပေးသွားမယ့်အပြင် ကုလသမဂ္ဂနဲ့ စိမ်းလမ်းစိုပြည်ရေးအစီအစဉ်တွေမှာ ပိုမိုပူးပေါင်းသွားမယ်လို့ ပြောပါတယ်။ 

ဒီမိုကရေစီနဲ့ပတ်သက်ပြီး ရှီကျင့်ဖျင်က နိုင်ငံကိုယ်စီမှာ သူတို့ရဲ့ အမျိုးသားရေးအခြေအနေနဲ့ လူထုလိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ပြောသွားပါတယ်။ 

ဂူတာရက်စ်က တရုတ်ဟာ ကုလသမဂ္ဂရဲ့ နိုင်ငံစုံမူဝါဒအတွက် အရေးပါတဲ့မဏ္ဍိုင်တခုဖြစ်ပြီး နိုင်ငံတကာစနစ် ပြုပြင်ပြောင်းမှုလို အရေးကြီးတဲ့ ကမ္ဘာပြဿနာတွေ တရုတ်ရဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းမှုတွေ လိုအပ်နေတယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up