ယူကရိန်းအရှေ့ပိုင်း ပြည်နယ် ၂ ခုကို ရုရှားက လွတ်လပ်ရေးကြေညာ၊ အမေရိကန်က စီးပွားရေးပိတ်

ရုရှားနိုင်ငံဟာ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇေလန်စကီက ဖေဖော်ဝါရီ ၂၂ ရက်က စွပ်စွဲလိုက်ပြီး ဘယ်နယ်မြေကိုမှ ရုရှားကို မပေးဘူးလို့ တနိုင်ငံလုံးကို ပြောတဲ့ သူ့ရဲ့ မိန့်ခွန်းအတွင်းမှာ ပြောပါတယ်။
ရုရှားက ကျောထောက်နောက်ခံပေးထားပြီး ခွဲထွက်ရေးသူပုန်တွေ ကြီးစိုးတဲ့ ယူကရိန်းအရှေ့ပိုင်း ပြည်နယ် နှစ်ခုကို လွတ်လပ်တဲ့နယ်မြေအဖြစ် ရုရှားနိုင်ငံက တရားဝင်အသိအမှတ်ပြု ကြေညာလိုက်ပြီး ဒေသတွင်းကို ရုရှားစစ်တပ်တွေ စေလွှတ်အပြီးမှာ ဇေလန်စကီက ခုလို ပြောလိုက်တာပါ။
အကြီးစားစစ်ပွဲ ဖြစ်လာမယ့် အရေးကို အနောက်နိုင်ငံတွေက စိုးရိမ်နေပြီး အကျပ်အတည်း အရှိန်မြင့်တက်လာနေပါတယ်။
ရုရှားအပေါ် အရေးယူကြဖို့ ယူကရိန်းရဲ့ မဟာမိတ်တွေကို တိုက်တွန်းရင်း ယူကရိန်း၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ် ခေါင်းဆောင်တွေရဲ့ အရေးပေါ်ညီလာခံ ကျင်းပဖို့ကိုလည်း ဇေလန်စကီက ဆော်ဩပါတယ်။
လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်အပြီးမှာ ရုရှားဟာ ယူကရိန်းရဲ့ အချုပ်အခြာပိုင်နက်ကို ချိုးဖောက်တယ်လို့ ဇေလန်စကီက ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးပဋိပက္ခ အဆုံးသတ်ရေး ရည်မှန်းထားတဲ့ မင့်စ်ခ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုပါ ရုရှားက ပလပ်ဖြုတ်လိုက်တဲ့အဓိပ္ပာယ် ဖြစ်နိုင်တယ်လို့လည်း ဇေလန်စကီက ပြောပါတယ်။
“ကျနော်တို့က ငြိမ်းချမ်းတဲ့ သံတမန်ရေးနည်းလမ်းကို ကတိပြု လိုက်နာနေပေမဲ့ ဘယ်သူ ဘယ်အရာကိုမှ ကြောက်မနေဘူး။ ဘယ်သူ့ကိုမှ ဘာကိုမှပေးမှာ မဟုတ်ဘူး” လို့ သူက ဆက်ပြောပါတယ်။
“ဘယ်သူက တကယ့်မိတ်ဆွေ မိတ်ဖက်လဲဆိုတာနဲ့ ဘယ်သူကတော့ ရုရှားကို စကားလုံးတွေနဲ့ ဆက်ပြီး ခြောက်လှန့်နေမလဲဆိုတာ မြင်ရဖို့ သိပ်အရေးကြီးတယ်။ မိတ်ဖက်တွေဆီက ရှင်းလင်း ထိရောက်တဲ့ အထောက်အပံ့တွေကို ကျနော်တို့ မျှော်လင့်တယ်”လို့ ဇေလန်စကီက ပြောခဲ့ပါတယ်။
ယူကရိန်းခွဲထွက်ပြည်နယ် ၂ ခုအတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းနိုင်ရေး စစ်တပ်တွေ လွှတ်ဖို့ ရုရှားသမ္မတက ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ပေးအပြီး ဒန်ညက်စ်မြို့မှာ မကြုံစဖူး ကြီးမားတဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ထားတဲ့ ယာဉ်တန်းတွေ ဖြတ်သွားတာကို ရိုက်တာ သတင်းဌာနရဲ့ မျက်မြင်သက်သေက မြင်ခဲ့ပါတယ်။
ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုကို အပြည့်အဝ ကျူးကျော်စစ် စပြီလို့ အနောက်နိုင်ငံတွေက ယူဆမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လက်တွေ့မှာတော့ ယူကရိန်းအရှေ့ပိုင်းဒေသ နှစ်ခုမှာ ရုရှားစစ်တပ်နဲ့ ရုရှားက ကျောထောက် နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေက ထိန်းချုပ်ထားပြီးပါပြီ။
ယူကရိန်းအရှေ့ဘက်က ခွဲထွက်ဒေသနှစ်ခုကို ရုရှားက လွတ်လပ်ရေး အသိအမှတ်ပြုလိုက်တာဟာ ဥရောပသမဂ္ဂဆီက ပိတ်ဆို့ဒဏ်ခတ်တာတွေ ဖြစ်လာအောင် လုပ်တာပဲလို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မစ်ရှဲတို့က ဖေဖော်ဝါရီ ၂၁ ရက်မှာ ပူးတွဲ ကြေညာချက်ပါတယ်။
ဒီအဆင့်ဟာ မင့်ခ်စ် သဘောတူညီချက်ကိုရော နိုင်ငံတကာဥပဒေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲလို့ ဗွန်ဒါလေယန်နဲ့ မစ်ရှဲတို့က ပြောပါတယ်။
တရားမဝင်လုပ်ရပ်မှာ ပတ်သက်သူတွေကို ဥရောပသမဂ္ဂက ပိတ်ဆို့ ဒဏ်ခတ်မယ်လို့ သူတို့က ပြောပါတယ်။
ရုရှားရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဘောလ်တစ်နိုင်ငံအတော်များများနဲ့ ဥရောပ ခေါင်းဆောင်တွေက ပြစ်တင်ရှုတ်ချကြောင်း လူမှုကွန်ရက်မီဒီယာတွေပေါ်ကနေ တုံ့ပြန်ခဲ့ကြပါတယ်။
ရုရှားကလွတ်လပ်ရေးအတွက် အသိအမှတ်ပြုလိုက်တဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ပြည်နယ် နှစ်ခုနဲ့ အမေရိကန်နိုင်ငံသားတွေအကြားဘယ်လို ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိုမဆို တားမြစ်ပိတ်ပင်တဲ့ အထူးအမိန့်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဖေဖော်ဝါရီ ၂၁ ရက်မှာ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာတဝန်း ဘယ်နိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားမဆို သတ်မှတ်ဒေသတွေက ဘယ်လို ကုန်စည်၊ ဝန်ဆောင်မှုနဲ့ နည်းပညာကိုမဆို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ အမေရိကန် နိုင်ငံထဲကို တင်သွင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေကို တားမြစ်ပိတ်ပင်တယ်လို့ သမ္မတအိမ်ဖြူတော်က ဆိုပါတယ်။