တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်မည့် အစီအစဉ် အမေရိကန် ရွှေ့ဆိုင်း

မိနစ်မဲန်း သရီးလို့ နာမည်ပေးထားတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်ဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ အမေရိကန်စစ်တပ်က မတ်လ ၂ ရက်မှာ ပြောပါတယ်။
ရုရှားက သူ့ရဲ့ နျူကလီးယားတပ်တွေကို တပ်လှန့်ထားလိုက်ပြီလို့ ကြေညာအပြီး တင်းမာမှု မြင့်လာတာကို လျော့ကျစေဖို့ ရွှေ့ဆိုင်းတာလို့ ဆိုပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဟာ နျူကလီးယား စစ်ပွဲအထိ ဦးတည်သွားစေနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကို မီးလောင်ရာ လေပင့်တဲ့ အနေနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က သူ့နျူကလီးယားတပ်တွေကို တပ်လှန့်မှု အဆင့်မြှင့်ကြောင်း သီတင်းပတ်ကုန်ရက်က ကြေညာခဲ့ပါတယ်။ဒါဟာ အနောက်နိုင်ငံတွေကို ခြိမ်းခြောက်မှုအဖြစ် ဥရောပအရာရှိတချို့က ယူဆခဲ့ကြပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလ် လာ့ဗ်ရော့ဗ်ကလည်း တတိယကမ္ဘာစစ်ဟာ နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ မတ် ၂ ရက်နေ့က သတိပေးခဲ့ပါတယ်။
ရုရှားရဲ့လုပ်ရပ်ကို အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကလည်း အပြင်းအထန် ဝေဖန်လိုက်ပြီး သူ့ရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ချက်ဆိုင်ရာ ဆုံးဖြတ်ချက်ဟာ ရုရှားအတွက် ဥပမာဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
နျူကလီးယားလက်နက် တပ်ဆင်နိုင်စွမ်းရှိတဲ့ မိနစ်မဲန်းသရီးဟာ အမေရိကန်စစ်တပ်ရဲ့ ဗျူဟာမြောက် လက်နက်တိုက်မှာ အဓိက အစိတ်အပိုင်းဖြစ်ပြီး မိုင် ၆,၀၀၀ အကွာအဝေးကို ပစ်ခတ်နိုင်စွမ်းရှိသလို ၁ နာရီ မိုင် ၁ သောင်းခွဲနှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
ဒုံးကျည်ပစ်လွှတ်ရေး တပ်ဖွဲ့ဝင်တွေက ဒုံးကျည်တွေကို မြေအောက် သိုလှောင်ရုံတွေထဲမှာ ဖြန့်ကျက် တပ်ချထားပါတယ်။
ရုရှား နျူကလီးယား ဒုံးကျည်တပ်ဖွဲ့၊ မြောက်ပိုင်းနဲ့ ပစိဖိတ် တပ်မဟာတို့က ပူတင်ဆီက အမိန့်အတိုင်း တိုက်ခိုက်ရေးတာဝန် တိုးမြှင့်ချထားပြီးပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှားရဲ့ ကြေညာချက် နောက်ပိုင်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကတော့ ရုရှားရဲ့ ဘယ်လုပ်ရပ်ကိုမှ အတည်မပြုခဲ့ပါဘူး။ အမေရိကန်တွေဟာ နျူကလီးယားစစ်ပွဲနဲ့ ပတ်သက်ပြီး မစိုးရိမ်သင့်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒ ၏င်က ဆိုပါတယ်။
အမေရိကန်အစိုးရဟာ ကာကွယ်ရေး ရပ်တည်ချက်အရ သက်တောင့်သက်သာ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က မတ် ၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။