သိမ်းပိုက်ခံ ခါဆန်မြို့ရှိ ယူကရိန်းပြည်သူများ ရုရှားကိုဆန္ဒပြ

ယူကရိန်းတောင်ပိုင်းက လူဦးရေ ၂ သိန်းခွဲရှိတဲ့ ခါဆန်မြို့ကို ရုရှားတပ်တွေ သိမ်းပိုက်ပြီးနောက် မြို့ခံလူထုက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။
ရုရှားတပ်တွေက တင့်ကားတွေနဲ့ ဝင်လာပြီး မတ် ၃ ရက်က မြို့အုပ်ချုပ်ရေးအဆောက်အအုံကို သိမ်းပိုက်လိုက်တာပါ။
ခါဆန်ဟာ ရုရှားတို့လက်ထဲ ပထမဆုံးကျသွားတဲ့ မြို့ဖြစ်ပြီး မတ် ၅ ရက်နေ့ကတော့ မြို့လူထုတွေ လမ်းပေါ်ထွက်ပြီး ရုရှားသိမ်းပိုက်မှုကို ဒေါသထွက် ဆန္ဒပြခဲ့တာပါ။
ရုရှားက မြို့ကြီးနှစ်မြို့ကို သိမ်းပိုက်ထားပြီးနောက် တိုက်ပွဲဖြစ်နေစဉ် အရပ်သားတွေ ပြေးနိုင်ဖို့ လမ်းဖွင့်ထားတယ်လို့ ပြောပေမဲ့ ယူကရိန်းအာဏာပိုင်တွေက ရုရှားတပ်တွေကြောင့် အရပ်သား တွေ ဆုံးရှုံးမှုရှိနေတယ်လို့ စွပ်စွဲပါတယ်။
ဒါ့အပြင် မတ် ၅ ရက်နေ့က ကိယက်ဗ်မြို့တော်နဲ့ ၅၃ မိုင်အကွာ ဘီလာ ဆာခ်ဗာမြို့ လေကြောင်း တိုက်ခိုက်ခံရပြီးနောက် အဆောက်အအုံတွေ ပျက်စီးကျန်ခဲ့တာကို ယူကရိန်းရဲဌာနက ဆိုရှယ်မီဒီယာကနေ ဗွီဒီယိုပြသခဲ့ပါတယ်။ ရုရှားတပ်တွေက ယူကရိန်းမြို့တွေကို လေကြောင်းက ဗုံးတွေ ကြဲချနေတာပါ။
ရုရှားသမ္မတပူတင်က ယူကရိန်းကို အနောက်အုပ်စုနဲ့ ပေါင်းနေတဲ့ နီယိုနာဇီတွေလို့ စွပ်စွဲထားပြီး ယူကရိန်းခေါင်းဆောင်တွေ လက်နက်ချဖို့နဲ့ ဖမ်းဆီးဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးလို့ ပြောထား ပါတယ်။
ယူကရိန်းနဲ့ အနောက်အုပ်စုကတော့ လူဦးရေ ၄၄ သန်းရှိတဲ့ ယူကရိန်းအပေါ် အကြောင်းပြချက် ခိုင်လုံမှုမရှိတဲ့ဝင်ရောက်ကျူးကျော်တဲ့ စစ်ပွဲဖြစ်ပြီး ပူတင်ကို စစ်ရာဇဝတ်ကောင်အဖြစ် ပြောဆိုပါတယ်။