close

ယူကရိန်း၌ ဓာတုလက်နက်အသုံးပြုမှုကိစ္စ ရုရှားနှင့် အမေရိကန်၊ ဗြိတိန်တို့ အပြန်အလှန်စွပ်စွဲ

ယူကရိန်းနိုင်ငံထဲမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု ဖြစ်နိုင်ခြေအတွက် ရုရှားနဲ့ အမေရိကန်၊ ဗြိတိန်တို့ ဘယ်သူကမှ သက်သေမပြနိုင်ဘဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မတ်လ ၂၂ ရက်က  အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက ရုရှားစစ်တပ် အဝိုင်းခံထားရတဲ့ စူမွေမြို့မှာ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုနဲ့ ပတ်သက်လို့ ရုရှား အစိုးရက ဒီပြဿနာကို ဖော်ထုတ်ခဲ့ပါတယ်။ ယူကရိန်း အစွန်းရောက် အမျိုးသားရေးအုပ်စုတွေက လုပ်တာလို့လည်း ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးမှာ ပြောပါတယ်။

ရုရှားတပ်တွေဟာ အဆိပ်သင့်ပစ္စည်းတွေ သိုလှောင်ထုတ်လုပ်တဲ့ ဘယ်ယူကရိန်းစက်ရုံကိုမှ ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဒမစ်ထရီ ပိုလီယန်စကီက ပြောပါတယ်။

အနောက်နိုင်ငံတွေက အားပေးထားတဲ့ ယူကရိန်း အမျိုးသားရေးဝါဒီ အာဏာပိုင်တွေဟာ ရုရှားကို စွပ်စွဲတိုက်ခိုက်ဖို့ သူ့ပြည်သူကို ခြိမ်းခြောက်ဖို့ ဘာအကြောင်းနဲ့မှ ရပ်မှာမဟုတ်ဘူးဆိုတာ ရှင်းနေတယ်လို့ ပိုလီယန်စကီက ပြောပါတယ်။

ဒီစွဲချက်ကို အမေရိကန်နဲ့ ဗြိတိန် အစိုးရတွေက ပယ်ချပါတယ်။  သူ့စွဲချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ရယ်စရာ စကားအဖြစ် ပယ်ချပါတယ်။

ဒါဟာ ရုရှားက ဓာတုလက်နက်သုံးဖို့ စကားခံတဲ့  ရှေ့ပြေးနိမိတ်အဖြစ် စိုးရိမ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဗြိတိန်မှာ လုပ်ခဲ့တဲ့ မှတ်တမ်းတွေ၊ ရုရှားနိုင်ငံထဲမှာ အလက်ဇီနာဗယ်ညီကို လုပ်ခဲ့တာတွေ၊ ဆီးရီးယားမှာ မြင်ခဲ့တာတွေနဲ့ ကြည့်ရင် ကောက်ချက်ချဖို့ မခက်ဘူးလို့ ဆိုပါတယ်။

ရုရှားဟာ သူတို့ကိုယ်တိုင်က ဓာတုလက်နက်သုံး တိုက်ခိုက်ဖို့ ရှေ့ပြေးနိမိတ် ဖန်တီးနေတယ်ဆိုတာ ကောင်းကောင်းဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဝါ့ဒ်ကလည်း သတင်းထောက်တွေကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up