close

သံတောင်မြို့နယ်၌ စစ်ယာဥ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအောက်ဘက်၊ သံတောင်ကြီးတောင်တက် လမ်းမှာ မတ် ၃၁ ရက်က ကေအန်ယူလက်အောက်ခံ  ပြောက်ကျားတပ်ဖွဲ့တဖွဲ့က စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းတွေကို တစ်ရက်တည်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မနက် ၇ နာရီခွဲလောက်က  အဆိုပါနေရာမှာ ရှေ့ပြေးစစ်ယာဉ် ၁ စီး မိုင်းဆွဲတိုက်ခိုက်တာခံရသလို မနက် ၁၁ နာရီလောက်မှာ ထပ်မံပြီး  ယာဉ် ၁၇ စီးပါစစ်ယာဉ်တန်းရဲ့ နောက်ဆုံးယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ယာဉ်ထိခိုက်ပျက်စီးကာ ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ ပြောက်ကျားတပ်ဖွဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီယာဉ်တန်းနဲ့အတူ အရပ်သားပြည်သူတွေရဲ့ မော်တော်ဆိုင်ကယ်တွေပါ သွားလာနေတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် သတိထားလုပ်ဆောင်ခဲ့ရသလို အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ယာဉ်တွေအနီးကနေ သွားလာတာတွေမပြုလုပ်ဖို့ ပြောက်ကျားတပ်တွေက ထပ်မံသတိပေးထားပါတယ်။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကား ၁၀ စီးဟာ သံတောင်ကြီး ဘုရင့်နောင်တပ်နယ်အထိ ဆက်လက်ထွက်ခွာသွားပြီး  ကျန်ကား ၆ စီးဟာ မိုင်းထိမှန်ပျက်စီးခဲ့တဲ့ ယာဉ်နဲ့အတူ စနေကုန်းတပ်စခန်းမှာ ကျန်ရှိခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ရွှေညောင်ပင်ကျေးရွာသားတစ်ဦးက “ကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရတာ ဟုတ်တယ်။ စစ်ကားပေါ်ကနေ စစ်တပ်က လက်နက်တွေနဲ့ ရမ်းသန်းပြန်ပစ်လို့ လမ်းသွားလာနေတဲ့ အရပ်သားတွေပါ တွေ့တဲ့နေရာဝပ်ပြီး နောက်ကြောင်း ပြန်လှည့်သွားကြတယ်။ လမ်းပေါ်ဘယ်သူလာလာ ပစ်သတ်ပစ်မယ်ကြိမ်းနေလို့ ဘယ်သူမှ မသွားရဲကြတော့ဘူး။ အခုလမ်းလုံခြုံရေးတွေလည်း အများကြီးချထားတယ်”လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားဖြည့်တင်းပြီး လှည့်လည်သွားလာနေသလို ကျေးရွာတွေအတွင်းဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်း သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မတ် ၈ ရက် မနက် ၁၀ နာရီလောက်က သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာနဲ့ သကွဲပလိုကျေးရွာအကြားမှာ စစ်ကောင်စီရဲ့ လစာနဲ့ရိက္ခာပို့ ကား ၅ စီးဟာ အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ကြားဖြတ်တိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

ဒီနောက် စစ်ကောင်စီတပ်က ကဆောပလိုအောက်ကျေးရွာထဲကို ဝင်ရောက်ပြီး ဒေသခံရွာသားတဦးကို ပစ်သတ်ခဲ့သလို ကက်သလစ်ဘုရားကျောင်းပိုင်ဆိုင်ပစ္စည်းတွေနဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up