နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားရေး ဆုံးဖြတ်မည်ဟု ဖင်လန်ဝန်ကြီးချုပ်ပြော

ဖင်လန်ဝန်ကြီးချုပ် ဆန်နာမာရင်းက နောက်ရက်သတ္တပတ် အနည်းငယ်အတွင်း ဖင်လန်ဟာ နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံ ၃၀ ထဲ ဝင်ရောက်ရေး လျှောက်ထားဖို့ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဆွီဒင်ဝန်ကြီးချုပ် မက်ဒါလီနာ အန်ဒါဆင်နဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ မစ္စမာရင်းက “ရုရှားရဲ့ အပြုအမူတွေကြောင့် ဖင်လန်အနေနဲ့ ပြင်ဆင်ရတော့မယ်” လို့ ပြောခဲ့တာပါ။
ဖင်လန်ဟာ ရုရှားနဲ့ ကီလိုမီတာ ၁,၃၄၀ (၈၃၂ မိုင်) နယ်နိမိတ် ရှည်လျားပြီး ၁၉၃၉ ခုနှစ်မှာ ဆိုဗီယက်နဲ့ အကြီးအကျယ် စစ်ဖြစ်ခဲ့တာပါ။ နော်ဒစ်နိုင်ငံတွေဖြစ်တဲ့ ဖင်လန်နဲ့ ဆွီဒင်ဟာ ဥရောပသမဂ္ဂမှာ ပါဝင်ပေမဲ့ နေတိုးမဟာမိတ်အဖွဲ့ကို မဝင်ခဲ့ပါဘူး။
အခု နှစ်နိုင်ငံစလုံးက ရုရှားရဲ့ မူမမှန်တဲ့ အပြုအမူတွေကြောင့် နေတိုးအဖွဲ့ဝင်ဖြစ်လာဖို့ ဆုံးဖြတ်တော့မှာပါ။
မာရင်းက “အခု ဖင်လန်ပါလီမန်က ရုရှားရဲ့ အန္တရာယ်ရှိမှု၊ ဆိုးရွားတဲ့ ခြိမ်းခြောက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှု၊ ဩဇာလွှမ်းဖို့ နည်းမျိုးစုံ ကြိုးစားမှုတွေကို အသေအချာ သုံးသပ်နေတယ်။ ယူကရိန်းအပေါ် ကျူးကျော်မှုက ဖင်လန်ရဲ့ လုံခြုံရေး ပတ်ဝန်းကျင်အတွက် စိုးရိမ်စရာ ဖြစ်လာတယ်” လို့ ပြောပါတယ်။