အိန္ဒိယတွင် တရားမဝင်ဆိုင်ခန်းရှင်းလင်းသည့်အပေါ် မကျေနပ်သူများ ဆန္ဒပြ

အိန္ဒိယနိုင်ငံက မြို့တော်တော်များများမှာ အခုရက်ပိုင်း အာဏာပိုင်တွေက တရားမဝင် ဆိုင်ခန်းတွေ ရှင်းလင်းရေး စီမံချက်ဆောင်ရွက်နေတာကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်နေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့တုန်းက ဟိန္ဒူနဲ့ မွတ်စလင်တွေကြား လူမျိုးရေး အဓိကရုဏ်း ဆန်ဆန် ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဒေလီမြို့က ဂျဟန်ဂါပူရီဧရိယာထဲမှာ တရားမဝင် ဖွင့်ထားတဲ့ ဆိုင်ခန်းတွေကို ရှင်းလင်းမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စနေနေ့က ရဲအရာရှိတွေအပါအဝင် လူအတော်များများ ဒဏ်ရာရခဲ့တဲ့ ပဋိပက္ခအပြီး ဗုဒ္ဓဟူးနေ့မှာ တရားမဝင် ဆိုင်ခန်းတွေကို ဖြိုမယ့် ဘူဒိုဇာစက်ကြီးတွေကို အိန္ဒိယရဲ့ အမြင့်ဆုံးတရားရုံးက ကြားဝင် တားဆီးခဲ့ရပါတယ်။
နောက်တနေ့မှာတော့ နယူးဒေလီက ဂျာမီယာ မီလီယာ အစ္စလမ္မီယားတက္ကသိုလ်က ဘီဂျေပီပါတီ ခေါင်းဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရဟာ လူနည်းစုတွေကို အနိုင်ကျင့်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
လောလောဆယ်မှာ ဆိုင်ခန်းတွေကို ဖြိုမယ့် စီမံချက်ကို တရားရုံးချုပ်က ကြားဝင်ဟန့်တား ထားပြီး နောက်နှစ်ပတ်ကြာမှာ အမှုကို ကြားနာသွားဖို့ ရှိပါတယ်။